မန္တလေးတောင်ပေါ်က ဆိုင်ခန်းတွေ ဖယ်ရှားပြီး စစ်အုပ်စု နေရာယူ

မန္တလေးမြို့ထဲ ဝင်ထွက်လို့ရတဲ့ လမ်းနဲ့နေရာတချို့မှာ ဂိတ်အသစ်တွေ တိုးဖွင့်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မန္တလေးမြို့နဲ့ ပိုမို နီးကပ်လာတာနဲ့အမျှ စစ်အုပ်စုက မန္တလေးမြို့ပေါ်မှာ လုံခြုံရေး တိုးမြှင့်နေပြီး မန္တလေးတောင်ပေါ်က ဈေးဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းကာ အင်အားတိုးမြင့် နေရာယူထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်အုပ်စုဟာ ဇူလိုင်(၁၂)ရက်က စလို့ မန္တလေးတောင် အတက် အဆင်းလမ်းကို ပိတ်လိုက်သလို တောင်ပေါ်နေ ဈေးသည်တွေကို ဖယ်ရှားခိုင်းပြီး အခိုင်အမာ နေရာယူတပ်စွဲလိုက်တာလို့ ဆိုပါတယ်။

စစ်အုပ်စုက မန္တလေးတောင်ပေါ်မှာ အခိုင်အမာ တပ်စွဲနရာယူပြီးတဲ့အပြင် တောင်ခြေက ဈေးဆိုင်ခန်းတွေကိုပါ ရွှေ့ပြောင်းခိုင်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

“မန္တလေး တောင်ပေါ်မှာတော့ သူတို့က အကြီးအကျယ် နေရာယူထားပြီးတော့ အခု ကြားတာက တောင်ခြေက ဆိုင်ခန်းတွေ ဖျက်ရမယ် ကြားတယ်၊ တောင်ပေါ်က ဆိုင်ခန်းတွေကတော့ ဖျက်ရတော့မယ်၊ အဲ့ဒါကတော့ သေချာ သွားပြီ။ တောင်ခြေကို ဘယ်လိုလာမလဲ မသိဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

အဲ့ဒီအပြင် မန္တလေးဆေးရုံကြီးအပါအဝင် စျေး၊ စာသင်ကျောင်းတချို့နဲ့ အထပ်မြင့် အဆောက်အဦးတွေမှာလည်း ယခုရက်ပိုင်း စစ်အုပ်စုက တပ်စွဲနေရာယူနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“(၆)ရက်နေ့ ညက (အမှတ်) (၁၇)ကျောင်းထဲကို ဝင်တယ်၊ အခု အဲ့မှာ နေရာယူလိုက်ပြီ၊ နောက်ပြီးတော့ ဆေးရုံကြီး ထဲမှာလည်း သူတို့လူတွေ အများကြီးပဲ၊ ဆေးရုံကြီးမှာ ကျတော့ လူနာတွေကလည်း သူတို့ လူနာတွေ အပြည့် ဖြစ်နေပြီးတော့ လုံခြုံရေးကိုလည်း သူတို့ ယူထားတာ။ မန္တလေးဆေးရုံကြီးက အဲ့လိုဖြစ်နေတာ”

စစ်အုပ်စုဟာ ကုသိုလ်တော်ဘုရားနဲ့ မန္တလေးတောင်ခြေက ခြေလျင်တပ်ရင်း (ခလရ) – (၉၅) တပ်ကြားက အမှတ်(၁၀)လမ်းကို အပြင်လူ သွားလာခွင့် မပေးဘဲ ပိတ်ဆို့ကာ တိုးချဲ့ပြင်ဆင်နေပြီး အကြောင်းရင်းကို မသိရဘူးလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

အဲ့ဒီအပြင် ခလရ – ၉၅ တပ်အနီးရှိ MEC ဓာတ်ငွေ့စက်ရုံ ဝန်ထမ်းတွေကိုလည်း တကိုယ်စာ အဝတ်အစားနဲ့ သောက်ရေ ပြင်ဆင်ခိုင်းထားပြီး အရေးကြုံလာပါက နန်းတွင်းထဲ ပို့ဖို့ စစ်အုပ်စုက အသိပေးထားတယ်လို့ ဆိုပါတယ်။

မန္တလေး -မတ္တရာကားလမ်း၊ ကြာနီကန်ရွာအနီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးတပ်လို့ ခေါ်တဲ့ ထီးတော်မိုးရွာအနီး အမှတ်(၅) လျှပ်စစ်နဲ့ စက်မှုလက်မှု တပ်ရင်းက စစ်အုပ်စု လက်အောက်ခံ မိသားစုတွေ အားလုံးကိုလည်း မန္တလေး နန်းတွင်းထဲကို ပြောင်းရွှေ့ခေါ်ဆောင်ထားပြီး မန္တလေးမြို့ကို ထိုးစစ် စတင်လာပါက တပ်မိသားစုတွေ အားလုံးကို နန်းတွင်းထဲ ခေါ်ထားမှာ ဖြစ်တယ်လို့လည်း စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က စျေး၊ကျောင်းနဲ့ အထပ်မြင့် အဆောက်အဦး‌ အများအပြားမှာ တပ်စွဲနေရာယူ ထားသလို မြို့အဝင်အထွက်တွေမှာ အစစ်အဆေးတင်းကြပ်တာ၊ မတ္တရာဘက်က အဝင်လမ်း ပိတ်ဆို့တာတွေ လုပ်ဆောင် နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ပုသိမ်ကြီးနယ် နှမ်းကြဲရွာနဲ့ ဆည်တော်ကြီး မြောင်းဘောင်အပါအဝင် မတ္တရာ ဘက်ကနေ မန္တလေးမြို့ထဲ ဝင်ရောက်နိုင်တဲ့ လမ်းတွေပေါ်မှာလည်း စစ်အုပ်စုက ဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ကာ တပ်စွဲနေရာယူသလို မန္တလေး – မေမြု့ လမ်းတလျှောက်မှာတော့ တစ်နေရာကို ငါးယောက်တစ်စု၊ (၁၀)ယောက်တစ်စုနဲ့ တပ်ဖျောက်ကာ နေရာယူထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီအပြင် မန္တလေးမြို့အနီး ဧရာဝတီ မြစ်အတွင်းက ကျွန်းရွာတွေမှာလည်း စစ်အုပ်စုနဲ့ပျူတွေက ဒေသခံ အသွင်ယူပြီး အင်အားဖြန့်ကျက်တာ၊ မြစ်ကမ်းနံဘေး တိုက်တန်းတွေမှာ တပ်စွဲတာ၊ မတ္တရာ အထွက်လမ်းက ကျေးရွာတွေမှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲတာတွေ လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့ခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ဇွန်(၂၅)ရက်မှာ စတင်တဲ့ ရှမ်းမန်း စစ်ဆင်ရေး ထိုးစစ်တွေဟာ လတဝက်ကျော်ကြာ ယနေ့အချိန်ထိ ဆက်လက် အောင်ပွဲရနေပြီး မတ္တရာနယ်ထဲက စစ်အုပ်စုစခန်း (၂၆)ခု သိမ်းပိုက် ရရှိထားသလို မန္တလေးမြို့နဲ့ (၁၀)မိုင်ကျော်သာ ကွာဝေးတဲ့ မတ္တရာနယ် ကျေးရွာတွေအထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *