ပြင်ဦးလွင်တွင် စစ်ကောင်စီက လုံခြုံရေးဂိတ်များနှင့် ကင်းပုန်းဂိတ်များ ထပ်မံတိုးမြှင့်

ပြင်ဦးလွင်တွင် စစ်ကောင်စီက လုံခြုံရေးဂိတ်များနှင့် ကင်းပုန်းဂိတ်များ ထပ်မံတိုးမြှင့်ပြီး ပြည်သူ့စစ်(ခေါ်) ပျူစောထီးအဖွဲ့များ မြို့လုံခြုံရေးအတွက် ပိုမိုအသုံးပြု

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီက လုံခြုံရေးဂိတ်များနှင့် ကင်းပုန်းဂိတ်များကို ထပ်မံတိုးမြှင့်နေပြီး လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့များကို မြို့လုံခြုံရေးအတွက် ပိုမိုအသုံးပြုလာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ပြင်ဦးလွင်ကပ်လျက်ရှိသော နောင်ချိုမြို့နယ်ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် ပြင်ဦးလွင်မြို့၏ အရေးကြီးသော နေရာများ၊ ပြင်ဦးလွင် အဝင်အထွက်လမ်းများတွင် စစ် ဆေးရေးဂိတ်များနှင့် ကင်းပုန်းဂိတ်များကို တိုးမြှင့်လာခြင်းဖြစ်ကြောင်း ၊ အဓိကအားဖြင့် ဂိတ်များတွင် စစ်သားများကို ဦးဆောင်သူများအဖြစ် အရေအတွက် အနည်းငယ်သာ ထည့်သွင်းပြီး ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကို လက်နက်တပ်ဆင်၍ အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြင်ဦးလွင် မြို့ ကားကြီးကွင်း/ အတက်လမ်း ၊ ပြင်ဦးလွင်-လားရှိုး လမ်းဘက်တွေမှာ ပိတ်ဆို့စစ်ဆေးရေးဂိတ်တွေ ပိုပြီးတိုးချဲ့လာတယ်။ စစ်ဆေးရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ နဲ့ ပြည်သူ့စစ် (ခေါ် ) ပျူအဖွဲ့တွေက အဓိက စစ်ဆေးတယ်။ တပ်နဲ့ရဲကတော့ ကြီးကြပ်သူအဆင့်လောက်ပဲပါတယ်။ ပျူတွေကိုတော့ ခပ်များများ သုံးလာတာ။ ဂိတ်တွေမှာ အင်အား အနည်းဆုံး ၄၀ လောက်နဲ့ကို စစ်ဆေးတာ” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၀ နယ်နမိတ်အတွင်းတွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကို စစ်ကောင်စီက လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားပြီး စစ်ဆေးမှုများကိုလည်း အဓိက လုပ်ဆောင်စေကြောင်း သိရှိရသည်။

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်များကမူ စစ်တက္ကသိုလ် အပါအဝင် စစ်တပ်၏ အရေးကြီးသောနေရာများတွင် အထပ်ထပ် ခံစစ်လိုင်းများ ပြင်ဆင်ထားကြောင်း၊ ကတုတ်ကျင်းများ၊ ဘန်ကာများကိုလည်း စစ်တက္ကသိုလ်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများတွင် အဓိက လုပ်ဆောင် ပြင်ဆင်ထားကြောင်း၊ စစ်တပ်၏ အရေးကြီးသော ကင်းနေရာများကို လုံခြုံရေး ၂၄ နာရီ ချထားကြောင်း၊ CCTV များလည်း တိုးချဲ့တပ်ဆင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လုံခြုံရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *