မတ္တရာဘက်ကနေ မန္တလေးမြို့ဆီ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီ ပိတ်ဆို့

စခန်းသိမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာ ကနေ မန္တလေးဘက်ဆီ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က ရွှေကျင်စစ်ဆေးဂိတ်ကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေကျင်စစ်ဆေးဂိတ်ဟာ မန္တလေး – မတ္တရာ-မိုးကုတ်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပေါ်မှာ ရှိတာဖြစ်ပြီး မန္တ လေးမြို့ ဝင်မြို့ထွက်ဂိတ်တစ်ခုပါ။

” အဲလမ်းပိုင်းက သွားလို့မရတော့ဘူး၊ မန္တလေးအထွက်ကနေကို လိုင်းကားတွေပေးမဖြတ်တော့တာ”လို့ မန္တလေး-မြစ်ကြီးနား ခရီးသည်တင်ယာဥ်လိုင်းပြေးဆွဲနေသူက ပြောပါတယ်။

ခရီးသည်တင်ယာဉ်လိုင်းတင်မကဘဲ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေကိုပါ ပေးမဖြတ်တော့တာလို့ သိရပါတယ်။

ရွှေကျင်ဂိတ်ကို ပိတ်ထားတာဟာ ရက်တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး အရင်က ဂိတ်ကိုရှောင်ကာ ရပ်ကွက်လမ်းတွေ ကနေ သွားလို့ရပေမယ့် အခုတော့ ရှောင်ကွင်းလမ်းတွေကိုပါ ပိတ်ပင်လိုက်တာပါ။

တောင်ပြုံး၊ ကြာနီကန်၊ ထီးတော်မိုး၊ လင်းမြွေချောင်း၊ ဝသုနန္ဒ၊ မြကန်သာ၊အောင်သပြေစတဲ့ကျေးရွာတွေကိုပါ သွားလာခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေကနေ မန္တလေးမြို့ပေါ် ဆိုင်ကယ်နဲ့ နေ့ချင်းပြန်လာရောက် အလုပ်လုပ်ကိုင်ကြရတာဖြစ်ပြီး လက်ရှိမှာ အလုပ်ရပ်နားရသူတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့အဝင်အထွက်ကိုလည်း ပိတ်ထားသလို မန္တလေး- မတ္တရာလမ်းပိုင်းတစ်လျှောက်ကိုလည်း သွားလာခွင့်ပိတ်ဆို့ထားတာပါ။

မတ္တရာကနေ မန္တလေးမြို့ထဲကိုဝင်ရောက်နိုင်တဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ ရွှေကျင်ဂိတ်၊ ကျေးရွာရှောင်လမ်းတွေရဲ့ အဝင်အထွက်ပိတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေကျင်ဂိတ်ဘေးရှိ မန္တလေးတောင်​ပေါ်က စျေးဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပြီး၊တောင်ပေါ် အတက်အဆင်းလမ်းကိုလည်းပိတ်ထားတယ်လို့ သိရပါတယ်။

တောင်ပေါ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းချပြီး ခံတပ်သဖွယ်ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးနဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း၂၅ခုကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစတင်တဲ့ ထိုးစစ်မှာ မန္တလေး PDF က သိမ်းယူပြီးနောက် စစ်ကောင်စီက အခုလိုပြင်ဆင်မှုတွေပြုလုပ်လာတာပါ။

မန္တလေးမြို့ပေါ်မှာလည်း အထပ်မြင့်အဆောက်အအုံတွေဖြစ်တဲ့ စျေးချို၊ မန်းမြန်မာပလာဇာအပေါ်ဆုံးထပ်အပါအဝင် အခြားအဆောက်အအုံအမြင့်တွေပေါ်မှာ စစ်ကောင်စီတပ်က နေရာယူစောင့်ကြည့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *