လားရှိုးမြို့အဝင် ကျေးရွာတွေကို MNDAAက ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲအခြေအနေ ငြိမ်သက်နေ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်က ဟိုပိတ်နဲ့ မယ်ဟန်ကျေးရွာတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့(ဇူလိုင် ၁၇) မနက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လတ်တလော မယ်ဟန်နဲ့ ဟိုပိတ်ကျေးရွာတွေ အတွင်းမှာ MNDAA တပ်တွေ အင်အားအပြည့်နဲ့ နေရာယူထားပြီး စစ်ကောင်စီဘက်က နားမခေါ် ကားကြီးကွင်းမှာ ခံစစ်အထိုင်ချထားတာကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သေးတယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

လားရှိုးမြို့မှာ ဒီနေ့ မနက် ၈ နာရီခန့်က လက်နက်ကြီး အသံ ၂ ချက် ကြားရပြီးနောက် ညနေပိုင်းအထိ မြို့တွင်းတိုက်ပွဲ အခြေအနေ ငြိမ်သက်နေသေးတယ်လို့ သိရပါတယ်။

“အရင်ရက်တွေက နိုးလာတာနဲ့ အသံတောက်လျှောက် ကြားရတယ်။ နှလုံးတောင် တုန်တယ်။ ဒီနေ့တော့ တော်တော်ငြိမ်နေတာ။ မိုးတော့ ရွာနေတယ်။ မိုးရွာတော့ လေယာဉ်လည်း မဝဲတော့ဘူး” လို့ မြို့တွင်း ကျန်ရှိနေသူ တစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက အဝင်/ထွက် ၂ မျိုးလုံး ခွင့်ပြုထားပေမယ့် တိုက်ပွဲအခြေအနေအရ အချိန်မရွေး အန္တရာယ် ကျရောက်နိုင်တာကြောင့် MNDAA ဘက်က မြို့ဝင်ခွင့်ကို ပိတ်ထားပြီး မြို့ခံတွေကို အမြန်ဆုံး ရှောင်ခိုင်းနေတယ်လို့ သိရပါတယ်။

“မြို့ထဲရော မယ်ဟန်ဘက်မှာရော တိုက်ပွဲတော့ မရှိဘူး။ ဒါပေမယ့် အခုမှ ရှောင်မယ်ဆိုရင်တော့ တော်တော်လေး သတိထားသွားစေချင်တယ်။ စစ်ကောင်စီက မယ်ဟန်ဘက်ကို လက်နက်ကြီး ပစ်လာနိုင်တယ်” လို့ မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက သတိပေးပါတယ်။

လားရှိုးမြို့တွင်း တိုက်ပွဲတွေမှာ ၂ ဖက်တပ်တွေ ကျဆုံးခဲ့တဲ့ အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက သယ်ယူပေးနေရပြီး နည်းပညာတက္ကသိုလ်ဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ အလောင်းတွေကို သယ်ယူပေးသူ မရှိတာကြောင့် ဆာလာအိတ်နဲ့ ထုတ်ထားရတယ်လို့ ဆိုပါတယ်။

လားရှိုး – နမ့်လန် – မိုင်းကိုင် – လဲချား – ပင်လုံ လမ်းမကြီးအတိုင်း တိမ်းရှောင်လာကြတဲ့ လားရှိုးမြို့ခံတွေအတွက် နမ့်စန်မြို့နယ်၊ ပန်လှိုင်းဆိုင်နယ်မြေမှာ သွားရောက် ခိုလှုံနိုင်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *