ဆီစျေးနှုန်းသတ်မှတ်နေရမှု အရှုံး ပေါ်နေ၍ ဒေါ်လာစျေး ပြင်ဆင်သတ်မှတ်ပေးရန် စစ်ကောင်စီထံ တင်ပြ တောင်းဆို

တစ်ဒေါ်လာ ၄၈၀၀ ကျပ်ကျော်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ဆီစျေးနှုန်းသတ်မှတ်နေရမှု အရှုံး ပေါ်နေ၍ ဒေါ်လာစျေး ပြင်ဆင်သတ်မှတ်ပေးရန် စစ်ကောင်စီထံ တင်ပြ တောင်းဆို

ဒေါ်လာစျေး ပြင်ဆင်ရန် တင်ပြတောင်းဆိုနေသည့်ကာလအတွင်း စက်မှုဇုန်များအတွက် စက်သုံးဆီခွဲတမ်း ထုတ်ပေးမှု ရပ်ဆိုင်းထားမည်

ပြည်တွင်းစီပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄၈၀၀ ကျော်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ် သတ် မှတ်စျေးဖြင့် ဆီစျေးနှုန်းသတ်မှတ်နေရမှုသည် စက်သုံးဆီလုပ်ငန်းရှင်များ အရှုံးပေါ်နေ၍ ဒေါ်လာစျေး ပြင်ဆင်သတ်မှတ်ပေးရန် စစ်ကောင်စီထံ တင်ပြ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ဗဟိုအလုပ် အမှုဆောင် အစည်း အဝေး ခေါ်ယူခဲ့ပြီး စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားသော ဒေါ်လာစျေးနှုန်းဖြင့် စက်သုံးဆီစျေးနှုန်းသတ်မှတ်နေမှုမှာ လုပ်ငန်းရှင်များအားလုံး အရှုံးပေါ်နေကြောင်း၊ သို့ရာတွင် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းရန် လိုအပ်သော ဒေါ်လာကို အပြည့်အ၀ ရောင်းချပေးခြင်းမရှိ၍ ပြင်ပစျေးကွက်မှ စက်သုံးဆီ လုပ်ငန်းရှင်များက ဒေါ်လာ ဝယ်ယူနေရကြောင်း၊ စက်သုံးဆီ တင်သွင်းရန် ပြင်ပစျေးကွက်မှ ဒေါ်လာ ဝယ်ယူရသော်လည်း ဆီစျေးနှုန်းသတ်မှတ်ရာတွင်မူ ပြင်ပ ဒေါ်လာစျေးနှုန်းဖြင့် မတွက်ချက်ဘဲ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားသော ဒေါ်လာစျေးနှုန်းဖြင့် တွက်ချက်နေခြင်းကြောင့် စက်သုံးဆီ လုပ်ငန်းရှင်များ အရှုံးပေါ်နေရကြောင်း သိရှိရသည်။

” စက်သုံးဆီ လုပ်ငန်းရှင်တွေလည်း အကျပ်အတည်း အခက်အခဲတွေကြားမှာ ရသလို လုပ်နေကြရတယ်။ အရှုံးပေါ်နေတော့ အလုပ်က ဆက်လုပ်ဖို့က မဖြစ်နိုင်တော့သလောက်ဖြစ်လာပြီ။ လုပ် ငန်းကို ရပ်ပစ်လို့ရရင် ရပ်ထားချင်ကြတယ်။ အရှုံးခံနေတာလည်း နှစ်နဲ့ လနဲ့ချီကြာနေပြီ။ ဖမ်းမယ်ဆိုရင် လည်း အဖမ်းခံပြီး လုပ်ငန်းရပ်လိုက်တာက အရှုံးသက်သာမယ့်အခြေအနေမျိုး။ အခုက အလုပ်လုပ်ရင်းနဲ့ ရှုံးနေတာ။ စက်မှူဇုန် တွေက ဆီခွဲတမ်းPO တင်ပြီး ယူရတယ်။ ဆီဆိုင်တွေကနေ ပေးမဝယ်ဘူး။ အခု စက်မှုဇုန်တွေအတွက် ဆီဈေးကလည်း သူတို့ သတ်မှတ်ဈေး ဆိုတော့ အင်ပိတာက မကိုက်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒေါ်လာ မချပေးနိုင်ဘူးလေ” ဟု စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ ရည်ညွှန်စျေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအကြား ဖြစ်ပေါ်နေသော ဒေါ်လာဝယ်ရောင်း ရည်ညွှန်းစျေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာ ၃၆၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီ ဗဟိုဘဏ် ဒေါ်လာ သတ်မှတ်စျေးနှုန်းမှာ ပြင်ပစျေးကွက်တွင် အမှန်တကယ် ဝယ်ယူမရနိုင်သော ဒေါ်လာစျေးနှုန်းများဖြစ်၍ အရှုံးပေါ်နေရကြောင်း၊ ထို့ကြောင့် ဒေါ်လာစျေးနှုန်း ပြင်ဆင်ပေးရန် တင်ပြချက်အပေါ် စစ်ကောင်စီ၏ ခွင့်ပြုချက်မရမီ ကာလအတွင်း စက်မှုဇုန်များအတွက် စက်သုံးဆီခွဲတမ်းထုတ်ပေးမှု PO များကို ခေတ္တရပ်ဆိုင်း ထားမည်ဖြစ် ကြောင်း၊ သို့ရာတွင် စက်ရုံများနှင့် လုပ်ငန်းများ စက်သုံးဆီ ပြတ်လပ်လျှင် မဖြစ်မနေ ထုတ်ပေးရမည့် ဆီခွဲတမ်း POကို ထုတ်ပေးရန် စက်သုံးဆီလုပ်ငန်းရှင်များက ဆုံးဖြတ်လိုက်ကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *