အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၁၇ ရက် မှာ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းဆင်း ရဲဘော်သစ် ၅၀ ဦးနဲ့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အင်းလေး ၁၀၀၉ IPDF အနေနဲ့ ရဲဘော်ဟောင်း အင်အားနဲ့ ရဲဘော်သစ်အင်အား တို့အပြင် အရန်အင်အားပါ လုံလောက်စွာရှိနေပြီလို့ ဆိုပါတယ်။

“အင်အားများလာတော့ ရန်သူကို ရင်ဆိုင်ရတာ တောင့်လာတာပေါ့ဗျာ၊ အင်အားတိုးလာတာနဲ့အမျှ လိုအပ်ချက်တွေလဲများလာပါတယ်၊ အဟောင်းအသစ် အဆင့်လိုက် သူတို့ရဲ့ ဆန္ဒအတိုင်း လက်နက်ကြီး၊ Drone ၊ ဆက်သွယ်ရေး၊ ဆေး၊ မိုင်း၊ စနိုက်ပါ သင်တန်းအဆင့်ဆင့်ကို ဆက်ပေးပါတယ်၊ သင်တန်းဆင်းပွဲကို အကျဉ်းချုံးပြီးလုပ်လိုက်ရတာပါ”လို့ တပ်ရင်းမှူး အင်းဆားကူးကပြောပါတယ်။

တပ်ရင်းရဲ့ ရဲဘော်သစ်အင်အားတွေနဲ့အတူ လိုအပ်နေတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့ စားနပ်ရိက္ခာအတွက် လိုအပ်ချက်များစွာရှိနေလို့ ပါဝင်အားဖြည့်ပေးနိုင်ဖို့ သတင်းစကားပါးပြီး တပ်ရင်းက ပြုလုပ်တဲ့ ကမ်းပိန်းတိုင်းကို ပါဝင်အားဖြည့်ပေးသူတိုင်းကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြောပါတယ်။

တပ်ရင်းရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၈ ကို ပြီးခဲ့တဲ့ မေလ ၇ ရက်က သင်တန်းဆင်းပေးခဲ့ပြီးနောက် အခု အပတ်စဉ်-၉ ကို ၂ လအကြာမှာ ဆင်းပေးနိုင်တာဖြစ်ပါတယ်။

IPDF ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြိး ယင်းနှစ် စက်တင်ဘာ ၁၁ ရက်မှာ တပ်ရင်းကုဒ် ၁၀၀၉ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတပ်ရင်းအနေနဲ့ ချထားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ အင်းလေး၁၀၀၉ IPDF ဟာ မဟာမိတ်ညီနောင်တပ်ရင်းတွေ ဖြစ်တဲ့ LPDF/KNDF စတဲ့ အဖွဲ့တွေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲတွေမှာ အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *