ဦးမြင့်ဆွေမရှိလျှင် ဖြစ်ပေါ်လာနိုင်မည့် စစ်ကောင်၏ နိုင်ငံရေးရွှေ့ကွက်များ

စစ်ကောင်စီကို သက်တမ်း ၆ လ ထပ်တိုးပေးမည့် အစည်းအဝေးကျင်းပရန် နှစ်ပတ်အလိုတွင် အဓိကကျသူ ယာယီသမ္မတ မကျန်းမာသဖြင့် အပြောင်းအလဲတစ်ခု လုပ်ပြရတော့မည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “အာဏာထိန်း” ခြင်းသာ ဖြစ်ပါသည်ဟု မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းကို လိမ်ညာ၍ အာဏာသိမ်းထားသူ စစ်ခေါင်းဆောင် ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေ ယိုယွင်းနေသည့်အချက်မှာ လျှို့ဝှက်ချက်မဟုတ်ဘဲ လူအများ သတိထားမိကြသည်မှာ လအတန်ကြာပြီ ဖြစ်သည်။

စစ်ကောင်စီက ယမန်နေ့တွင် ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေဆိုးရွားစွာ ခံစားနေရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ခန္ဓာကိုယ်လှုပ်ရှားမှု တုံ့နှေးခြင်းနှင့် အစားအသောက်နည်းလာသည့် လက္ခဏာများ စတင်ခံစားလာရသော်လည်း၊ စစ်ကောင်စီသည် ထိုအခြေအနေကို လျှို့ဝှက်ထားခဲ့ပြီး၊ ယခုအခါ ခန္ဓာကိုယ်လှုပ်ရှားမရတော့ခြင်းနှင့် အစာမဝင်တော့သည့် အခြေအနေထိ ဆိုက်ရောက်လာသဖြင့်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးခွင့်ဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဇူလိုင်လ ၁၈ ရက်နေ့တွင် မဖြစ်မနေသတင်းထုတ်ပြန်ခဲ့ရသည်။

စင်စစ် လွန်ခဲ့သော တစ်နှစ်တိတိ ယခုလို အချိန် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ၎င်းတည်ထားသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုအခြေအနေ ရှင်းလင်းပွဲသို့ ဦးမြင့်ဆွေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ဖိတ်ကြားခဲ့ကြောင်း သတင်းထုတ်လွှင့်ရာ ထိုစဉ်ကတည်းက ဦးမြင့်ဆွေ တုန်ချည့်ချည့် လမ်းလျှောက်နေပုံကို သတိပြုမိနိုင်သည်။

ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေသည် အာဏာသိမ်းခေါင်းဆောင်အတွက် အလွန်အရေးကြီးသည်။ ၆ လ တစ်ကြိမ် အရေးပေါ်ကာလသက်တမ်းတိုးရန်နှင့် မင်းအောင်လှိုင်၏ အာဏာသက်တမ်းတိုးရန် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကို ဦးမြင့်ဆွေကလွဲ၍ မည်သူမျှ ခေါ်ယူကျင်းပခွင့် မရှိပါ။

၂၀၂၃ ခုနှစ်ကတည်းက ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကို သိရှိထားသော မင်းအောင်လှိုင်သည် ဦးမြင့်ဆွေ ရုတ်တရက် ကျန်းမာရေးဖောက်ပြန်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခန့်အပ်ခဲ့သော ဒု-သမ္မတ (၂) ဦးဟန်နရီဗန်ထီးယူက ယာယီသမ္မတတာဝန်ယူရမည့်အရေးကို တွေး၍ စိုးရိမ်ကြောင့်ကြခဲ့ပုံရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရဟု ဆိုကာ လွန်စွာ အရေးပါသော ဒုသမ္မတရာထူးမှ အနားပေးခဲ့သည်။ ဦးဟန်နရီ ဗန်ထီးယူကို ရာနှုန်းပြည့်ထိန်းချုပ်ရန် ခက်ခဲနိုင်သဖြင့် ကြိုတင်ရှင်းလင်းဖယ်ရှားထားခြင်း ဖြစ်နိုင်ပါသည်။

သို့သော် ၂၀၀၈ ခြေ/ဥ ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်များတွင် အရေးပေါ်ကာလသက်တမ်းအတွင်း သမ္မတနှင့် ဒု-သမ္မတများကို ကာကွယ်ရေးဦးစီးချုပ်က ရာထူးမှ ဖယ်ရှားနိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းမရှိပါ။ စစ်တပ်က ခြေ/ဥနှင့်အညီ အာဏာရယူထားပါသည်ဟု အကြိမ်ကြိမ် ပြောကြားနေသည့် စစ်ခေါင်းဆောင်က ၎င်းမလွှတ်တမ်းဆုပ်ကိုင်ထားသော ခြေ/ဥကို ချိုးဖောက်မှုများအနက် ထင်ရှားသည့် လုပ်ရပ်တစ်ခု ဖြစ်လာသည်။

ယခုအခါ အရေးပေါ်ကာလသက်တမ်းတိုးရန် ရက်သတ္တပတ် နှစ်ပတ်အလိုရောက်မှ ဦးမြင့်ဆွေ အိပ်ရာပေါ်တွင် မလှုပ်ရှားနိုင်တော့ကြောင်း ထုတ်ပြန်လာခြင်းသည် ဦးမြင့်ဆွေ ဦးဆောင်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ယူနိုင်တော့ခြင်းမှာ ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာနေ၍ ဖြစ်သည်။

ဒု-သမ္မတ (၂) ဦးဟန်နရီ ဗန်ထီးယူကိုလည်း ဦးစွာ ရှင်းလင်းထားပြီဖြစ်၍ ဇူလိုင်လကုန်တွင် အာဏာကို ဆက်လက်ချုပ်ကိုင်ထားရေး တစ်ခုခုလုပ်ဆောင်တော့မည့် အရိပ်လက္ခဏာကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပြသလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် ဆက်လက် လုပ်ဆောင်နိုင်သော နည်းလမ်း (၃) သွယ် ရှိနေသည်။

ပထမနည်းလမ်း – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးမှုကို ယာယီဆိုင်းငံ့ကြောင်း ကြေညာပြီး၊ စစ်အုပ်ချုပ်ရေး ကြေညာခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ ၎င်း၏ဆရာသမား အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးသန်းရွှေ စိတ်တိုင်းကျရေးဆွဲပြဋ္ဌာန်းခဲ့သော ခြေ/ဥကို မဖျက်ဆီးလိုလျှင် အဖြစ်နိုင်ဆုံး လုပ်နိုင်သောနည်းလမ်း ဖြစ်သည်။ ဤနည်းလမ်းသုံးလျှင် ၂၀၂၅ ခုနှစ်အတွင်း မဖြစ်မနေ ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲပေးမည်ဆိုသည့် အချက်ကို ဆက်လက်ဆုပ်ကိုင်ထား၍ ရသည်။

ဒုတိယနည်းလမ်း – ၂၀၀၈ ခြေ/ဥ ကို လုံးဝဖျက်သိမ်းလိုက်ပြီး၊ စစ်အုပ်ချုပ်ရေး ကြေညာခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ စစ်ခေါင်းဆောင်က လက်ရှိဖြစ်ပေါ်နေသော စစ်တပ်၏ စစ်ရေးရှုံးနိမ့်မှုများကို ထည့်သွင်း စဉ်းစားပြီး၊ ဆုံးရှုံးသွားသော နယ်မြေများအားလုံး ပြန်လည်ရရှိရေး လုပ်ဆောင်မည်ဆိုလျှင် နှစ်များစွာကြာနိုင်သဖြင့် ခြေ/ဥကို ဖျက်သိမ်းသလို၊ စစ်ကောင်စီ၏ လမ်းပြမြေပုံ ၅ ချက်ကိုပါ စွန့်လွှတ်ပြီး အာဏာကို ရေရှည်ချုပ်ကိုင်သော နည်းလမ်းဖြစ်ပေလိမ့်မည်။

တတိယနည်းလမ်း – အာဏာသိမ်းပြီးနောက် တိုင်းပြည်၏အခြေအနေအရပ်ရပ် ဆိုးရွားခဲ့ခြင်းအပေါ် တာဝန်ယူသည့်အနေဖြင့် စစ်ခေါင်းဆောင်က အာဏာကို စွန့်လွှတ်ကာ၊ ယခုတလော သတင်းထွက်နေသော သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သော ကြားဖြတ်အစိုးရတစ်ခု ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်သည်။ ထိုသို့သော အံ့အားသင့်ဖွယ်နည်းလမ်းကို ရွေးချယ်မည်ဆိုလျှင် ကြားဖြတ်အစိုးရသက်တမ်းကာလအတွင်း ခြေ/ဥ ကျင့်သုံးမှုကို ဆိုင်းငံ့ထားပြီး၊ နိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးတံခါးဖွင့်ခြင်းလည်း ပေါ်လာနိုင်သည်။

“မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုသူ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် အခြားနည်းလမ်းတစ်ခုခုကို သုံး၍ အာဏာကို လက်မလွှတ်တမ်း ဆက်လက်ဆုပ်ကိုင်ထားနိုင်ပါသည်။

နေပြည်တော်ရှိ သတင်းရင်းမြစ်များအဆိုအရမူ စစ်တပ် အာဏာသိမ်းသည့်အချိန်မှစ၍ နေအိမ်အကျယ်ချုပ်နှင့် နေရသည့် ဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ချုပ် မင်းအောင်လှိုင်ကို အာဏာအပ်နှင်းကြောင်း ဖိအားပေးစေခိုင်းခံခဲ့ရသည်ဟု သိရသည်။

“တရှောင်ရှောင်ဖြစ်နေတာ ကြာပါပြီ၊ အဓိကကတော့ သမိုင်းတရားခံအဖြစ် ထိုးကျွေးခံရတဲ့ ရုပ်သေးသမ္မတအဖြစ်ကို စိတ်နှလုံးမသာမယာနဲ့ အမြဲစိတ္တဇဖြစ်တာက စတင်ပါတယ်” ဟု စစ်ခေါင်းဆောင်များအခြေအနေကို သိရှိသူ စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။

“အခုလကုန် ၃၁ ရက်မှာ ကာလုံခေါ်ကာ နောက် ၆ လ သက်တမ်းတိုးကြောင်း ယာယီသမ္မတက လူလုံးပြရမယ့်အချိန်ရောက်လာပြီဖြစ်လို့ အဲဒီအခါမှ ယာယီသမ္မတ မတက်ရောက်တာက မကျေနပ်လို့လား ဆိုတာမျိုး မဖြစ်အောင် နှစ်ပတ်ကြိုတင် အသိပေးထုတ်ပြန်လိုက်တာပါ၊ အဓိကကျတဲ့အပြောင်းအလဲကို မြင်တွေ့ရနိုင်ဖွယ်မရှိပါဘူးခင်ဗျာ” ဟု သူက ဆက်ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *