ရေကြောင်းကုန်သွယ်ရေးဖြင့် အစားထိုးရန် ဒုစစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင် အပူတပြင်းလုပ်နေ

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းများကို သိမ်းပိုက်လိုက်မှုကြောင့် ရေကြောင်းကုန်သွယ်ရေးဖြင့် အစားထိုးရန် ဒုစစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင် အပူတပြင်းလုပ်နေ

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်ရေးစခန်းနှင့် လမ်းကြောင်းများကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသဖြင့် ရေကြောင်းကုန်သွယ်ရေးဖြင့် အစားထိုးရန် စစ်ကောင်စီက အပူတပြင်း လုပ်ဆောင်နေရပြီး ယင်းလုပ်ငန်းစဉ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဦးဆောင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အဓိက ဆောင်ရွက်နေသော မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၊ လွယ်ကျယ်ကုန်သွယ်ရေးစခန်း၊ အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအဓိက ဆောင်ရွက်နေသော ရိဒ်ကုန်သွယ်ရေးစခန်း၊ တမူးကုန်သွယ်ရေးစခန်း၊ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေး အဓိက ဆောင်ရွက်နေရသည့် မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းများအားလုံးမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်စိုးမိုးထားမှုများကြောင့် စခန်းများအားလုံး ကုန်သွယ်မရတော့ဘဲ ကုန်သွယ်ရေး လုံး၀ ရပ်ဆိုင်းနေကြောင်း၊ ထို့ကြောင့် စစ်ကာင်စီက ပင်လယ်ရေကြောင်းမှ ပိုမိုတင်ပို့၊ တင်သွင်းနိုင်ရေး အပူတပြင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက လတ်တလော နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်ဆိုင်းနေသည့်အတွက် ဆိပ်ကမ်းများမှ ကုန်စည်များ တင်ပို့နိုင်ရေး ဆောင်ရွက်နေရပြီး ယာယီကုန်တင်ကုန်ချ ဆိပ်ကမ်းများကိုလည်း သတ်မှတ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ရေကြောင်း ဖြင့် ကုန်သွယ်နိုင်ရေး ပြောင်းလဲ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် မင်းထက်မင်းဆိပ်ကမ်းကို နယ်စပ်ကုန်သွယ်ရေးအစားထိုး ပင်လယ်ရေကြောင်းကုန်သွယ်ရေး ယာယီဆိပ်ကမ်းအဖြစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လ စမ်းသပ် ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ ထို့ပြင် Shwe Me Terminal ဆိပ်ကမ်းနှင့် Mottama Logastics Hub ကုမ္ပဏီ ဆိပ်ကမ်းတို့ကို ယာယီ ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် ဧပြီလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ၆ လ ယာယီ ခွင့်ပြုထားကြောင်း၊ ယင်းဆိပ်ကမ်းများရှိရာ ရန်ကုန်မှ ထိုင်းနိုင်ငံ ရနောင်းသို့ ပင်လယ်ရေကြောင်းမှ ကုန်စည်များ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

“နယ်စပ်ကုန်သွယ်ရေးတွေကို ရန်ကုန် ယာယီ ဆိပ်ကမ်း ကနေ တရုတ်နိုင်ငံဆိပ်ကမ်းပို့မယ်။ နောက်တစ်ခါ ရန်ကုန်ယာယီ ဆိပ်ကမ်းကနေ အိန္ဒိယဆိပ်ကမ်းတွေဆီပို့မယ်။ ထိုင်းနိုင်ငံကတော့ အခု ရန်ကုန်ကနေ ရနောင်းကို သင်္ဘောနဲ့ ကုန်စည်တွေ တင်ပို့နေပြီ။ နယ်စပ်ကုန်သွယ်ရေးကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးနဲ့အစားထိုးတာမျိုး လုပ်နေပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *