KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ မန္တလေးတိုင်းထဲ ဆက်လက် ထိုးစစ်ဆင်

တကောင်း နီကယ်စီမံကိန်းအနီး အင်းနက်ရွာ တာဝါတိုင်ကုန်းကို သိမ်းပိုက်

စစ်အုပ်စုက လေကြောင်း ဗုံးကြဲ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရဲ့ အထက်ဘက်၊ အင်းနက်ကျေရွာအနီးက စစ်အုပ်စု တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပါဝင်တဲ့ တော်လှန်ရေး တပ်တွေက မနေ့က ဇူလိုင်(၂၀)ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

အင်းနက်ကျေးရွာဟာ သပိတ်ကျင်းမြို့နယ် မြောက်ဘက်ဆုံးပိုင်း၊ တကောင်းမြို့ မြောက်ဘက် (၁၅)မိုင်ခန့် အကွာမှာ တည်ရှိပြီး ဇူလိုင်(၂၀)ရက် မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အင်းနက်ကို PDF နဲ့ KIA က သိမ်းတာ၊ အဲ့ဒါကြောင့်မို့လို့ မကျေနပ်လို့ စစ်တပ်က လေယာဉ်နဲ့ လာကြဲတာ၊ ဒါပေမယ့် KIA က သိမ်းနိုင်သွားပြီ အင်းနက်ကို။ တွင်းငယ်ဘက်ကိုလည်း လေယာဉ်နဲ့ ပစ်တယ်တဲ့”လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။

အင်းနက်ကျေးရွာဟာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ်၊ ထီးချိုင်မြို့နယ်က တရုတ်ပိုင် တကောင်းတောင် နီကယ်စီမံကိန်းနဲ့လည်း ငါးမိုင်ခန့်သာ ကွာဝေးတာ ဖြစ်ပါတယ်။

စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ အင်းနက်ကျေးရွာက ပြည်သူတွေ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အင်းနက်ကျေးရွာ သင်္ချိုင်းနဲ့ အင်းနက်ကျေးရွာအတွင်း ဗုံးသီးတွေ ကျခဲ့တယ်လို့ ဆိုပေမယ့် စစ်အုပ်စုက သပိတ်ကျင်းမြို့နယ်အတွင်း အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်း အတော်များများကို ဖြတ်တောက် ထားတာကြောင့် ဆက်သွယ်ရ ခက်ခဲပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အတိအကျကိုတော့ စုံစမ်းလို့ မရသေးပါဘူး။

KIA ပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ ဇူလိုင်(၁၁)ရက်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ မိုးမိတ်-တွင်းငယ် လမ်းပိုင်းရှိ တောင်လယ်ကျေးရွာကို သိမ်းပိုက်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *