ရန်ကုန် – မန္တလေး အမြန်လမ်းမှာ စစ်ကားကို မိုင်းဆွဲ

မိတ္ထီလာကနေ မန္တလေးဘက် စစ်ကူပို့ကားကို မိုင်းဆွဲခဲ့ပြီး ငါးယောက် သေဟုဆို

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်မှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စုကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး စစ်အုပ်စု အသေအပျောက် ရှိတယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၄) – Natogyi People Defence Force (NPDF) တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင်(၂၁)ရက် နေ့လည်(၁)နာရီကျော်က မိတ္ထီလာမြို့ကနေ မန္တလေးမြို့ဘက် စစ်ကူပို့တဲ့ စစ်အုပ်စု အင်အား(၅၀)ခန့်ပါ စစ်ကား နှစ်စီးထဲက တစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားကတော့ အဲဒီနေရာမှာတင် ထိုးရပ်သွားတယ်။ ကားကတော့ ပျက်စီးသွားတယ်။ သူတို့ လမ်းပေါ်မှာရှိတဲ့ ကားတွေက ချောဆွဲပြီးတော့ မိတ္ထီလာ ဆေးရုံဘက်ကို ပို့တယ်လို့ ကြားတယ်။ အထိခိုက်အသေဆုံး စာရင်းက မသိရပေမယ့် မျက်မြင်ပြည်သူတွေရဲ့ ပြောပြချက်အရ အထိအခိုက် များပုံရတယ်။ တခြားကားပေါ်လည်း ဆွဲတင်နေတာ တွေ့တယ်လို့ ပြောတယ်”လို့ မြင်းခြံခရိုင် တပ်ရင်း(၄) တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ မိုင်းဆွဲမှု ဖြစ်ပြီးနောက် အမြန်လမ်း ခေတ္တပိတ်သွားကာ မိနစ်ပိုင်းအတွင်း လမ်းပြန်ပွင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရန်ကုန်-မန်းလေး အမြန်လမ်းမကြိးပေါ်၌ မိတ္ထိလာ မြို့မှ့ မန္တလေးဘက်သို့ စစ်ကူလာသော စစ်အင့်အား (၅၀) ခန့်ပါ စစ်ကား နှစ်စီးအား မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စခ ငါးကောင် ပွဲခြင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိသွားသည်။ ဒဏ်ရာ ရရှိသော စခများမှာလည်း ခေါင်းထဲတွင် မိုင်းစတွေ ဝင်ထားလို့ သေဆုံးဖို့ များပြားနေကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုထားသည်” လို့ မြင်းခြံခရိုင် တပ်ရင်း(၄) က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့အနီး၊ မတ္တရာမြို့နယ်က စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေချိန် စစ်အုပ်စုဟာ မန္တလေးနဲ့ မတ္တရာမြို့နယ်ဘက် စစ်ကူအင်အားတွေ ပို့လွှတ်ခုခံနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မန္တလေးနန်းတွင်းအခြေပြု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ ဒုတိယတိုင်းမှူး ဦးစီးကာ အရေးပေါ် အခြေအနေလို့ ဆိုပြီး မိတ္ထီလာတပ်ရင်းတွေက စစ်အုပ်စု တပ်သားတွေကို မတ္တရာမြို့နယ်ထဲ စေလွှတ်နေတယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းက ဆိုပါတယ်။

လက်ရှိမှာ မန္တလေးတိုင်းအတွင်းက စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းယူထားပြီး မတ္တရာမြို့နယ် အရှေ့ခြမ်းကိုလည်း သိမ်းယူထားတာ မန္တလေး-မတ္တရာကြားက ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်အုပ်စုက စစ်အင်အားဖြည့်တင်း ခုခံနေတာ ဖြစ်ပါတယ်။

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဇူလိုင်(၂၁)ရက်က စစ်ကားကို မိုင်းဆွဲတိုက်ခိုက်စဉ်/Video – NPDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *