ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ ရာထူးနေရာ ဝင်ယူ

စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးချယ်ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအကြောင်းပြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ နေရာယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးအား ယနေ့ လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ဦးမြင့်ဆွေမှာ ကျန်းမာရေး မကောင်းသဖြင့် ယာယီသမ္မတ တာဝန်ဝတ္တရားများ လစ်ဟင်းနေသည့် အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများလိုအပ်သလိုဆောင်ရွက်နိုင်ရန် နစကဥက္ကဋ္ဌထံ တာဝန်များလွှဲအပ်ကြောင်း ယာယီသမ္မတရုံးက စာပို့လာသည့်အတွက် ယနေ့ မနက် ၁၁ နာရီခွဲအချိန်တွင် လက်မှတ်ရေးထိုး လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ယာယီသမ္မတတာဝန် လွှဲပြောင်းရယူ

စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက သူ့ရဲ့ယာယီသမ္မတ တာဝန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဦးမြင့်ဆွေ မကျန်းမာဘဲ ဆေးခွင့်ယူထားရတာကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကိစ္စတွေကို ဆက်ဆောင်ရွက်နိုင်ဖို့အတွက် လွှဲပြောင်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဇူလိုင်လ ၃၁ ဒီလကုန်မှာ ငါးကြိမ်မြောက်တိုးထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးခါနီးမှာ အခုလိုလွှဲပြောင်းလိုက်တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ကျန်းမာရေးမကောင်းတဲ့အပြင် နေ့စဉ်တာဝန်တွေကို လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုပေးနေရကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေ လွှဲအပ်ကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *