မန္တလေးမြို့ပေါ်မှာ ပြောက်ကျားသပိတ်ဆင်နွှဲတဲ့ ဒေါက်တာတေဇာဆန်း

လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းဦးဆောင်ကာမန္တလေးမြို့လယ်တွင် ယခုရက်ပိုင်း ပြောက်ကျားသပိတ်ဆင်နွှဲခဲ့ကြောင်း ယနေ့(ဇူလိုင်လ ၂၂ရက်) ထုတ်ဖော်ပြောကြားပြီး စစ်ရေးအောာင်မြင်ရေးအတွက် လူထုတိုက်ပွဲ၊ လူထုအုံကြွမှု အရှိန်မြှင့်ကြရန် တိုက်တွန်းထားသည်။

ဒေါက်တာတေဇာဆန်းက မန္တလေးကျုံးရှေ့နှင့် မန္တလေးမြို့ပေါ်နေရာအချို့၌
ပြောက်ကျားသပိတ်ဆင်နွှဲခဲ့သည့် ဓာတ်ပုံများနှင့်အတူ ” ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း”အမည်ဖြင့် လူမှုကွန်ရက်တွင် ရေးသားထားသည်။

” အခုချိန်မှာလည်း မန်းသူမန်းသားတို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် အသင့်ဖြစ်နေတာကို ရွှေမန်းမြေကို ပြန်ရောက်တော့ မျက်ဝါးထင်ထင် တွေ့မြင်ရပြန်တယ်။ အထူးပဲ အားတက်ရတယ်ဗျို့”ဟု ၎င်းက ပြောထားသည်။

လူထုတော်လှန်​ရေးအမြန်ဆုံး အောင်နိုင်ရေးအတွက် စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် အထူးလိုအပ်သည်ဟု တိုက်တွန်းထားသည်။

“ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်”ဟု ဒေါက်တာတေဇာဆန်းက ပြောထားသည်။

လူထုအနေဖြင့် စစ်ကောင်စီ၏ထုတ်ကုန်များကိုမသုံးစွဲရေး ” ဘူးသပိတ်”နှင့် စစ်ကောင်စီအား အာဏာဖီဆန်ရေး( Civil Disobedient Movement)အရှိန်မြှင့်တင်ရန်လည်း ၎င်းက တိုက်တွန်းထားသည်။

” 59 လမ်းပေါ်မှာတွေ့တယ်ဗျို့။ လေးစားလို့ ခေါင်းငုတ်ပြီး အလေးပြုခဲ့တယ်ဗျို့။ ဝန်ထမ်း ဝတ်စုံ လွယ်အိတ်နဲ့မလို့ လက်သုံးချောင်းထောင်ပြီး မဝန်းရံနိုင်ခဲ့ဘူးဗျာ။စိတ်ထဲ တနုတ်နုတ်နဲ့။ သွေးက ချက်ချင်ပွက်လာတာ။တချို့မိန်းခလေးတွေ ကြောက်လို့ ပြန်လှည့်ထွက်သွားတာတွေ့လိုက်တယ်။ လေးစားပါတယ် ဒေါက်တာခဗျ။ တွေ့လို့ အားရဝမ်းသာပြောပြတာကို မဖြစ်နိုင်ပါဘူး ပြောတဲ့သူက ရှိသေးဗျာ။ ဒီလောက် အစစ်အဆေးများတာ ဘယ်လိုလုပ် လာရဲမလဲ တဲ့။ ဒီပုံတက်အလာကိုစောင့်နေတာယစောင့်ရကျိုးနပ်ပြီဗျို့”ဟု ဒေါက်တာတေဇာဆန်းအား မန္တလေးမြို့ပေါ်၌ တွေ့ရှိခဲ့သည်ဆိုသူတဦးက လူမှုကွန်ရက်၌မှတ်ချက်ပြုရေးသားထားသည်။

‌အ‌သေးစိတ်မှတ်ချက်ရယူနိုင်ရန် ဒေါက်တာတေဇာဆန်းအား ဆက်သွယ်မေးမြန်းရာ သတင်းထုတ်ပြန်ထားသည့်အတိုင်းဖြစ်ပြီး လုံခြုံရေးအခြေအနေအရ လတ်တလော အသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးဟု ဆိုသည်။

စစ်ကောင်စီနှင့်နီးစပ်သည့် မန္တလေးမြို့ခံတဦးက ဒေါက်တာတေဇာဆန်း မန္တလေးမြို့ပေါ်သို့ရောက်ရှိလာသည့်အတွက် နယ်မြေခံစစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များ အစစ်ဆေးခံနေရကြောင်း ပြောသည်။

ဒေါက်တာတေဇာဆန်းသည် နွေဦးတော်လှန်ရေးတွင် ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြခဲ့သူလည်းဖြစ်ပြီး ၎င်းအား ဖမ်းမိရေးအတွက် စစ်ကောင်စီက ငွေကျပ်သိန်း ၁၀၀ ဆု‌ငွေဖြင့်ဖမ်း၀ရမ်းထုတ်ထားသည်။

ဓာတ်ပုံအညွှန်း – မန္တလေးမြို့ပေါ်တွင် ပြောက်ကျားသပိတ်ဆင်နွှဲခဲ့သည့် ဒေါက်တာတေဇာဆန်းကိုတွေ့မြင်ရစဉ်

(ဓာတ်ပုံ – ဒေါက်တာတေဇာဆန်း၏လူမှုကွန်ရက်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *