AA တပ်များဝင်မလာရေး ဧရာဝတီတိုင်းတွင် စစ်ကောင်စီယတြာချေဟုဆို

အာရက္ခတပ်တော်(AA)တပ်ဖွဲ့များဧရာဝတီတိုင်းအတွင်းသို့ ဝင်မလာရေးအတွက်ဟုဆိုကာ ဌာနဆိုင်ရာဝန်ထမ်းများက တိုင်းအတွင်း ၂၆ မြို့နယ်ရှိ စေတီပုထိုးများတွင် အုန်းပွဲ၊ငှက်ပျောပွဲများကပ်လှူပြီး ယတြာချေနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်က စစ်ကောင်စီ၏ ဌာနတွင်းညွှန်ကြားချက်ဟုဆိုကာ မြို့နယ် အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများက အုန်းပွဲ၊ ငှက်ပျောပွဲ သုံးပွဲစီကပ်လှူခဲ့ကြခြင်းဟု စစ်ကောင်စီနှင့် နီးစပ်သူတဦးကပြော သည်။

၎င်းက “မြို့တိုင်းမှာရှိတဲ့ နာမည်ကြီး ဘုရားတွေကို မနက် ၉ နာရီအတိမှာ ကပ်ခိုင်းတာ။ ထွေအုပ်ကို အပေါ်က ညွှန်ကြားတာဆိုပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှူးက လူတိုင်းကို ပေးမသိဘူး။ နှစ်ယောက် သုံးယောက်လောက်ကိုပဲပြောပြီး သွားကပ်ခိုင်းတာပါ”ဟု ဆိုသည်။

ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းမြို့နယ်များရှ်ိစစ်ကောင်စီနှင့် နီးစပ်သူများက ၎င်းတို့မြို့နယ်များရှိ စေတီပုထိုးများတွင် ထွေအုပ်ဝန်ထမ်းများက အုန်းပွဲ၊ငှက်ပျောပွဲများ ကပ်လှူခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

“အုန်းပွဲ၊ငှက်ပျောပွဲကပ်ခိုင်းတာမှန်ပါတယ်။ လူမသိ ၊သူမသိအောင် ကပ်ခိုင်းတာပါ”ဟု ပုသိမ်ခရိုင်အတွင်း မြို့နယ်တခုမှ စစ်ကောင်စီနှင့်နီးစပ်သူတဦးကပြောသည်။

စစ်ကောင်စီသည် န်ိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှစကာ ဧရာဝတီတိုင်းအတွင်း ကျေးရွာအုပ်စု တအုပ်စုလျှင် နေကြာ ဧက ၅၀ ခန့် စိုက်ပျိုးခိုင်းခဲ့ပြီးတမြို့နယ်လျှင် နေကြာ ဧက ၂,၀၀၀ ကျော်ခန့် စိုက်ခိုင်းကာ ယတြာချေခြင်းများကိုလည်း ပြုလုပ်ခဲ့သည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် တောင်သူလယ်သမားအချို့ကပြောသည်။

ယင်းပြင် စစ်ကောင်စီတပ်ရင်းများအတွင်း စစ်တပ် မိသားစုဝင်များကို ပရိတ်ကြီး ၁၁ သုတ်ရွတ်ဖတ်ခိုင်းခြင်း၊ ဗေဒင်မေး၍ ယတြာချေခိုင်းခြင်းများမကြာခဏပြုလုပ်ခိုင်းနေသည်ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတဦး၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီခေါင်းဆောင်ပိုင်းသည် ဗေဒင်ယတြာကို ယုံကြည်ကြသည်ဟု နာမည်ကြီးပြီး အဆောင်လက်ဖွဲ့များ ဝတ်ဆင်ခြင်း၊ စေတီပုထိုးများ၌ ယတြာချေခြင်းများကိုလည်း ပြုလုပ်လေ့ရှိသည်။

လက်ရှိတွင် AA သည် ဧရာဝတီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တောင်ပိုင်းမှ မြို့နယ်များအထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။ ဧရာဝတီတိုင်းအတွင်းသို့ စစ်ရေးကျယ်ပျံ့လာမည်ကို စစ်ကောင်စီကစိုးရိမ်နေပြီး ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်နေရာများကိုလည်း လုံခြုံရေးတင်းကြပ်ထားသည်။ တရားဝင်သတင်းထုတ်ပြန်မှုများ ပြုလုပ်မထားသေးသော်လည်း ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့သည် AAထံတွင် စစ်သင်တန်းတက်ခြင်း၊ AAနှင့်တွဲ၍ စစ်ရေးဖော်ဆောင်ခြင်းများရှိနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များနှင့် ထိစပ်နေသော ရခိုင်ရိုးမအတွင်း၌ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြန်အောင်နှင့် ကြံခင်းမြို့နယ်များမှ ကျေးရွာအချို့ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။

ပုံအညွှန်း – မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စေတီတဆူကို ထီးတော်တင်လှူပြီး အင်းကွက်ပါပလ္လင်အား အမွှေးနံ့သာပက်ဖျန်းနေသည့် စစ်ကောင်စီခေါင်းဆောင်နှင့် ဇနီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *