စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ၂၃ ခုအထိရှိလာ

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုမှာ တစ်လအတွင်း နိုင်ငံတစ်ဝန်း မြို့နယ် ၂၃ မြို့နယ်က သံဃာတော်တွေ ပါဝင်လာပါတယ်။

သံဃာတော်တွေရဲ့ ကံဆောင်သပိတ်မှောက်မှုကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော်တချို့နဲ့ စတင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက် ဒီနေ့မှာ သပိတ်ကာလ တစ်လအထိ ရှိလာတာပါ။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့က မြို့နယ်အတွင်း သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင်မှုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်က သပိတ်မှောက်ကံဆောင်မှုမှာ လုံခြုံရေးတာဝန်ယူပေးခဲ့ရသူ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CDSOM) ရဲ့ တာဝန်ရှိသူတစ်ဦးက ရဟန်း သံဃာတော်တွေနဲ့ ဒေသခံတွေ ပူးပေါင်းလှုပ်ရှားခဲ့တာလို့ပြောပါတယ်။

“မြောင်မြို့နဲ့ဆို နှစ်မိုင်လောက်ပဲကွာပါတယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ လှုပ်ရှားမှုနေရာနဲ့ဆိုရင်လေ။ ဒါပေမဲ့ အောင်အောင်မြင်မြင် လုပ်ခဲ့ပါတယ်။ ဘုန်းကြီးတွေကတော့ အခုမှ လုပ်ခဲ့တာပေါ့နော်။ မြောင်တစ်ခုတည်း မဟုတ်ဘဲနဲ့ ချောင်းဦးဘက်ကလည်း ပူးပေါင်းပါဝင်ပါတယ်”

ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကို ဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

သံဃာတော်တွေရဲ့ ကံဆောင်သပိတ်မှောက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆို လာတာ မတွေ့ရသေးပါဘူး။

ကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြောင်မြို့နယ်ရှိ သံဃာတော်များ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြစဉ်။ (ဓာတ်ပုံ – ကိုနွေဦး (မြောင်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *