ဝါဇီစက်ရုံလုံခြုံရေးစောင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်မှု ၁၁ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ချောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း Chauk Guerrilla Force (CGF)က ဇူလိုင်လ ၂၂ရက် ယနေ့တွင် ထုတ်ပြန်သည်။

ချောက်မြို့နယ်၊မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာတွင်တပ်စွဲထားသည့် အင်အား ၃၀ကျော်ရှိသော စစ်ကောင်စီတပ်ကို ဇူလိုင်လ ၂၀ရက် ည ၈နာရီ ၃၀မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု CGF မှ ရဲဘော်ဗိုလ်ဒေါင်းက မဇ္စျိမကိုပြောသည်။

ရဲဘော်ဗိုလ်ဒေါင်းက “ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ မီတာ ၁၀၀ ဝန်းကျင်လောက်က ပစ်ခဲ့တာ။ သေဆုံးမှုက ဝင်ရောက်ပစ်ခတ်စဥ် မျက်မြင်အရသိရှိရတာပါ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ချောက်မြို့အနီး ဝါဇီစက်ရုံမှဖြစ်ပြီး စက်ရုံဘက်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမလာစေရန် ဆူးတောကျေးရွာတွင်တပ်စွဲပြီး လုံခြုံရေးယူထားသည့်စခန်းဟုရဲဘော် ဗိုလ်ဒေါင်းက ပြောသည်။ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေနေသည့် ဝါဇီစက်ရုံသည် ပခုက္ကူမြို့နယ်အတွင်းတည်ရှိပြီး ယင်းနေရာသို့ ချောက်မြို့ဘက်မှလည်းသွား၍ရသည်။

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့်ရှိခဲ့ကြောင်း ရဲဘော်ဗိုလ်ဒေါင်းကပြောပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CGFကဆိုသည်။

တိုက်ခိုက်မှုကို CGF နှင့်အတူ ချောက် (ပကဖ) ၊ Oak Awe UG ပြောက်ကျားအဖွဲ့ ၊ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ၊ Bagan Bo Cho အဖွဲ့ ၊ YRF တပ်ရင်း (၁၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်း လုံခြုံရေးတင်းကြပ်ထားပြီး ယခင်ကထက်လှည့်ကင်းပတ်မှု ပိုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုံအညွှန်း – Chauk Guerrilla Force တပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – Chauk Guerrilla Force


Comments

Leave a Reply

Your email address will not be published. Required fields are marked *