ရွှေဘို ပျူရွာသုံးခုက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူများ စစ်ရှုံးပြီးထွက်ပြေး

တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ ပျူစောထီးတွေရဲ့ အခြေချ ကျေးရွာ ၃ ခုက တပ်သားများ စစ်ရှုံးပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ကာကွယ်ရေးတပ်များထံမှစုံစမ်းသိရှိရပါတယ်။

အဲဒီမြို့နယ်ထဲက စစ်သားနဲ့ ပျူများသာနေထိုင်တဲ့ ကူးတို့ဆိပ်၊ ဆင်အင်းနဲ့ မြင်းစီး စတဲ့ကျေးရွာသုံးခုကို ကာလရှည် ရိက္ခာဖြတ်တောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်သိသလောက်တော့ ဒီပျူရွာတွေက ပျူတွေကို ရိက္ခာဖြတ်တောက်ခဲ့တာကြာပြီဗျ။ ထောက်ပို့လမ်းကြောင်းကို တပ်ရင်း ၄ က ပိတ်ဆို့ထားနိုင်ခဲ့တယ်လို့ သိထားတယ်” လို့ အဲဒီမှာရှိနေတဲ့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ တော်လှန်ရေးမဟာမိတ်အင်အားစုတွေဟာ ကူးတို့ဆိပ်ပျူရွာကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ ဇူလိုင် ၁၄ ရက်မှာတော့ ရွာသုံးခုက စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေဟာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“သူတို့ရဲ့စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ တော်လှန်ရေးတပ်တွေ အချိန်မရွေးလာရောက်တိုက်ခိုက်နိုင်တာကြောင့်ရော၊ ကျွန်တော်တို့တပ်ရင်းအနေနဲ့ ပျူစခန်းတွေကို လာနိုင်တဲ့ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့အတွက်ကြောင့်ဖြစ်ပါတယ်” လို့ ရွှေဘိုခရိုင်တပ်ရင်း ၄ ရဲ့ စစ်ရေးသတင်းပြန်ကြားရေးတာ၀န်ခံကပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူတွေရဲ့ မိသားစုဝင်တွေဟာ ပျူများတဲ့ ဇီးကုန်းရွာနဲ့ ရွှေဘိုမြို့တွင်းတို့သို့ တိမ်းရှောင်နေကြတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၂၂ ရက်အထိ စစ်ကောင်စီဘက်က လှုပ်ရှားမှုမရှိသေးဘဲ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ထားကြောင်း သိရပါတယ်။

ကူးတို့ဆိပ်၊ ဆင်အင်းနဲ့ မြင်းစီးရွာတို့က ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စစ်ကောင်စီတပ်သားနဲ့ လက်နက်ကိုင်ပျူတွေနဲ့ အတူယှဥ်တွဲမနေလိုတာကြောင့် ထောင်နဲ့ချီပြီး တိမ်းရှောင်နေကြတာပါ။

“ဒီရွာပြည်သူတွေက ရှောင်နေတာကြာပြီ။ လတ်တလော စကစဘက်က ပြန်၀င်နိုင်မယ့် လမ်းကြောင်း မမြင်သေးသလို ရှောင်နေရတဲ့ ပြည်သူတွေကိုတော့ ကျေးရွာအတွင်းက သူတို့ရဲ့ယူစရာရှိတာ ယူခွင့်ပေးခဲ့တယ်။ ပြန်၀င်နေတာမျိုးတော့ မနေရဲသေးဘူး” လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ကာလရှည်တိမ်းရှောင်နေကြရတဲ့ အဲဒီသုံးရွာက စစ်ရှောင်တွေကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က ကာကွယ်စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

အဲဒီသုံးရွာမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအသင့်ပြင်ဆင်ထားတယ်လို့ ၎င်းတို့ထံမှ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *