လားရှိုး အောင်မင်္ဂလာဈေးမှာ နေ့ခင်းကြောင်တောင် ခိုးယူနေကြပြီး စစ်ကောင်စီလွှတ်ပေးထား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အောင်မင်္ဂလာဈေးက ဆိုင်ခန်းတွေမှာ နေ့ခင်းကြောင်တောင် ဖောက်ထွင်း ခိုးယူမှုတွေ ကြုံနေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

ဖောက်ထွင်းသူတွေဟာ တခြားဒေသက လာရောက်သူတွေ ဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်တဲ့ အခြေအနေတွေရှိနေပေမယ့် လွှတ်ပေးထားတယ်လို့ မြို့တွင်း ကျန်ရှိနေသူတွေက ပြောပါတယ်။

“ကျမဆိုင်ရော ဂိုဒေါင်ရော နေ့လည်ခင်း ဖောက်သွားတာ သိန်း ၂၀၀၀ ကျော် ပါသွားတယ်။ ပစ္စည်းတွေကို ကားနဲ့ သယ်ချသွားတာ။ လူတွေက ပေါ်ပေါ်တင်တင် ခိုးနေတာ။ ရုပ်တောင် မဖျက်ဘူး” လို့ ဒီနေ့ ဖောက်ထွင်းခံရတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

အောင်မင်္ဂလာဈေးက တန်ဖိုးကြီးဆိုင်တွေကိုသာ ရွေးဖောက်သွားပြီး ဖောက်ထွင်းခံရတဲ့ ဆိုင်ပေါင်း ၃၀ ကျော် ရှိတဲ့အပြင် ရပ်ကွက်ထဲက ဆိုင်တချို့ကိုလည်း လိုက်လံ ဖောက်ထွင်းနေတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ အနီးတစ်တိုက်မှာ ကိုးကန့်တပ်မတော် (MNDAA) တိုက်ပွဲစတင် ဖော်ဆောင်တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လူသူမရှိတဲ့ ဆိုင်တွေကို အခုလို ဖောက်ထွင်းခိုးယူနေတာပဲ ဖြစ်ပါတယ်။

“တန်ဖိုးကြီးဆိုင်ကိုပဲ ခိုးတယ် ဆိုပေမယ့် အကုန်ပြောင်အောင်ခိုးတာ။ တန်ဖိုးရှိတာရော မရှိတာရော အကုန် သိမ်းကြုံးထည့်တာ။ ရေခွက်တွေ ထမင်းပန်းကန်တွေကအစ ခိုးတာ” လို့ လားမြို့ခံ တစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ရဲ့ ခြေမြန်တပ်ရင်း (ခလရ) ၄၈ နဲ့ ၆၈ ကို ဒီနေ့မှာ MNDAA က အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး မြို့တွင်းနဲ့ အနီးတစ်ဝိုက် နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် လူသူကင်းမဲ့နေတာကို အခွင့်ကောင်းယူ ဖောက်ထွင်းနေကြတာလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *