ညောင်လေးပင်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခံရပြီး ယာယီတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့ သေဆုံး

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူး နှင့် တပ်ခွဲမှူးတို့ သေဆုံးခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသက ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းသည် ရေဖြူကန်ရွာအတွင်း တပ်စွဲ၍ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြီးခဲ့သည့် ဩဂုတ် ၆ ရက် နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ခမရ-၃၄၉ တပ်ရင်း၊ ဒုတပ်ရင်းမှူး(ယာယီတပ်ရင်းမှူး) နှင့် တပ်ခွဲမှူးတို့ သေဆုံးခဲ့ပြီး တပ်သား သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရေဖြူကန်ကျေးရွာကို တပ်လာစွဲထားတာ။ လက်ရှိ သူတို့ဘက်က ဟောင်ဝစ်ဇာတွေပါ ကားလေးစီးနဲ့ ချောဆွဲလာပြီး စစ်ပြင်နေတာတွေ့ရတယ်။ လက်ရှိတပ်ရင်းမှူးတာဝန်ယူထားတဲ့သူပါ ကျတော့ ပြန်လည်ပြင်ဆင်နေတာမျိုးတွေ့ရတယ်” ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

ရေဖြူကန်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ဓားစာခံ အဖြစ်ဖမ်းဆီးခြင်း၊ ဒေသခံများ သွားလာနေထိုင်ခြင်းကို နှောင့်ယှက်ခြင်းများပြုလုပ်နေသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နှစ်လအတွင်း သေဆုံးခဲ့ရသည့် အရပ်သား ခုနစ် ဦး အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို KNLA တပ်ရင်း-၉ ဒရုန်းတပ်ဖွဲ့၊ ပဲခူးခရိုင် PDF တပ်ရင်း-၃၇၀၂ ဒရုန်းတပ်ဖွဲ့၊ PDF တပ်ရင်းတောကျီးကန်းဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်စစ်ကောင်စီတပ်များသည် စစ်ဒေသ (၂) အတွင်းစစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရပြီး ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့ကလည်း စစ်ခေါင်း‌ဆောင်မင်းအောင်လှိုင်က ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် တပ်မဟာ ၁၊ ၃၊ ၅ ဒေသအတွင်း တိုက်ကွက်များ ဖော်ဆောင်ရန် ကြိုးစားနေကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

ဓာတ်ပုံ – အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသ


Comments

Leave a Reply

Your email address will not be published. Required fields are marked *