မြင်းခြံခရိုင် အထူးစစ်ဆင်ရေးရဲ့ တောင်သာတိုက်ပွဲမှာ စစ်အုပ်စု လေးယောက် သေပြီး လက်နက်ခဲယမ်း ရရှိ

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးရဲ့ တောင်သာတိုက်ပွဲမှာ စစ်အုပ်စု လေးယောက် သေပြီး လက်နက်ခဲယမ်း ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် မနေ့က မနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ တောင်သာနယ် တိုက်ပွဲအတွင်း စစ်အုပ်စု လေးယောက် သေပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကပြောပါတယ်။

ဩဂုတ်(၁၀)ရက် မနက် အစောပိုင်းက တောင်သာမြို့ရဲ့ တောင်ဘက်၊ မြင်းခြံ-တောင်သာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်ရှိ ဝဲလောင်တိုက်နယ် လျှပ်စစ်ဓာတ်အားပေးရုံထဲ စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ တောင်သာမြို့နယ် (ပကဖ) အနေနဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) စလိုက်တဲ့ တချိန်တည်း တပြိုင်နက်တည်း ဆိုသလိုပဲ တောင်သာမြို့နယ်ရဲ့ တောင်ဘက်မှာ ရှိတဲ့ ဝဲလောင်ကျေးရွာရဲ့ လျှပ်စစ်ဓာတ်အားပေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ (စကစ) အထိုင်စခန်းကို ကျွန်တော်တို့ (ဩဂုတ်-၁၀) မနက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ အဲဒီလို တိုက်ခိုက်ဖို့ရာအတွက် ညဦးပိုင်း ကတည်းက ကျွန်တော်တို့ ချဉ်းကပ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က စတင် တိုက်ခိုက်တဲ့အချိန်မှာ အသာစီးနဲ့ တိုက်ခိုက်ရတာ ဖြစ်တာကြောင့် သူတို့(စစ်အုပ်စု)ဘက်က ကတုတ်ကျင်းတွေထဲကို ဝင်ချိန် မရလိုက်ဘူး။ သူတို့ဘက်က လေးယောက်သေတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်”လို့ တောင်သာမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

တောင်သာနယ် ဝဲလောင်ရွာ တိုက်ပွဲအတွင်းကနေ (G-3)သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ (G-3) ကျည် (၃၀၀) ကျော်၊ ကျည်မျိုးစုံ (၄၀၀) ကျော်၊ ဗုံးသီး နှစ်လုံးနဲ့ စစ် အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ဝဲလောင်ရွာ လျှပ်စစ်ဓာတ်အားခွဲရုံ စစ်အုပ်စု အထိုင်စခန်းကို PDF တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်အုပ်စုနဲ့ ပျူတွေက ခုခံခဲ့ပြီး တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကော်မတီဝင်၊ ပျူအဖွဲ့ဝင် ဦးတင်ထွန်းနိူင် သေတယ်လို့လည်း စစ်အုပ်စုက ဆိုထားပါတယ်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် ဩဂုတ် (၁၀) ရက်က တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တပြိုင်နက် စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ သုံးမြို့နယ်အနက် နွားထိုးကြီးမြို့မှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး မနေ့က တနေကုန် နွားထိုးကြီးမြို့မှာ တိုက်ပွဲဖြစ်သလို စစ်အုပ်စုက မြို့ကို ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နွားထိုးကြီးမြို့ ရဲစခန်း အပါအဝင် စစ်အုပ်စု အထိုင်စခန်းတွေ အားလုံးကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ဆိုပါတယ်။

နွားထိုးကြီးမြို့ တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲကာ အပြင်းအထန် ခုခံလို့ နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်သာနယ် တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု လက်အောက်ခံ ပျူအဖွဲ့ဝင်၊ တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် တင်ထွန်းနိူင်/Photo – CJ၊ စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *