မန္တလေးမြို့မှာ ထူးထူးခြားခြား မော်တော်ပီကယ် မဖမ်းတော့

မော်တော်ပီကယ်တွေ ရှေ့တန်းပို့မယ့် သတင်းထွက်ပြီးနောက် မန္တလေးမှာ အဖမ်းအဆီး လျော့သွားတာဖြစ်

မန္တလေးမြို့တွင်း လမ်းမတွေ သာမက ရပ်ကွက်ထဲက လမ်းတွေအထိပါ ဝင်ရောက်ပြီး ပြည်သူကို မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်နေတဲ့ မော်တော်ပီကယ် ခေါ် စစ်အုပ်စု လက်အောက်ခံ ယာဉ်ထိန်းရဲတွေ ယခုရက်ပိုင်း မန္တလေးမှာ သိပ်မတွေ့ရတော့ဘဲ ဖမ်းဆီးငွေညှစ်တာတွေလည်း သိသိသာသာ လျော့နည်းသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ယခု ဩဂုတ်လဆန်းက စလို့ မန္တလေးမြို့မှာ မော်တော်ပီကယ်တွေက လမ်းသွားလမ်းလာ ပြည်သူကို မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်တာတွေ လျှော့သွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းအထိ မော်တော်ပီကယ်၊ စစ်အုပ်စု၊ ရဲ၊ စည်ပင်၊ မီးသတ်နဲ့ ပျူတွေက မြို့တွင်းနေရာ (၃၀)လောက်မှာ ဂိတ်ဖွင့်ပြီးတော့ရော ရောင်တခင်အနေနဲ့ပါ မြို့ခံပြည်သူတွေကို မိုက်ကြေးခွဲ ဖမ်းဆီးငွေညစ်ခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

“မှတ်မှတ်ရရ သြဂုတ်(၆)ရက်က အုပ်ကြီးတွေ အသတ်ခံရပြီး ဗုံးကွဲတယ်။ အဲဒီနေ့က မြို့တွင်းကို စစ်သားတွေ စစ်တာ။ အဲတာပြီး တမြို့လုံးမှာ တစ်နေရာလောက်ပဲ သူတို့ကို (မော်တော်ပီကယ်) တွေ့တော့တာ။ ဟိုနေ့က ဝန်ကြီး လမ်းကြောင်း ရှိတာ။ လမ်း(၃၀)စုပေါင်းရုံးမှာတောင် လမ်းတလျှောက် အဖြူဝတ်တွေ သိပ်မတွေ့ တော့ဘူး “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မော်တော်ပီကယ်တွေကို ရှေ့တန်းစစ်မြေပြင် ပို့မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေသလို မန္တလေးမြို့မှာ စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုတွေ အဖြစ်များလာချိန် မော်တော်ပီကယ်နဲ့ရဲက ပြည်သူကို ဖမ်းဆီးငွေညစ်တာလည်း လျှော့သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း၊ (၁၉)လမ်းနဲ့ လမ်း(၂၀)ကြားမှာ ကုန်ကားတွေကို ရဲတွေက တားဆီးပြီး မိုက်ကြေးခွဲ ငွေညစ်တာကလွဲလို့ မြို့တွင်းမှာ အဖမ်းအဆီး မရှိသလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့အနီးက တိုက်ပွဲတွေ အပါအဝင် နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုက စစ်အင်အား မလုံလောက်လို့ မော်တော်ပီကယ်တွေကို တိုက်ပွဲရှိတဲ့ နေရာတွေဆီ ပို့လွှတ်တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေသလို မန္တလေးမြို့ပေါ် ခံစစ်ပြင်နေတဲ့ စစ်အုပ်စုက မြို့တွင်းက ခံစစ်နေရာတွေနဲ့ ကာကင်းစခန်းတွေမှာ မော်တော်ပီကယ်တွေကို ရဲယူနီဖောင်း ပြောင်းဝတ်စေကာ အစောင့်ချထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မန္တလေးမှာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ မော်တော်ပီကယ်တွေ/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *