၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့် ရှမ်းမန်းစစ်ဆင် ရေးတွင် MDY-PDF နှင့်အတူ NUG လက်အောက်ခံ တပ်ရင်းအများစုအပါအဝင် PDF တပ်ဖွဲ့ ၂၀ ပါဝင် တိုက်ခိုက်နေကြောင်းနှင့် မိတ်ဖက်တော်လှန်ရေးတပ် ဖွဲ့များကို ကျေးဇူးတင်ကြောင်း MDY-PDF ကထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY- PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကွပ်ကဲမှုဌာန အောက်တွင်တည်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းဖြစ်သည်။
၎င်းတို့အနေဖြင့် ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးနှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ဟန်ချက်ညီညီ တိုက် ပွဲဝင်နေပြီး ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များကို ၈၀ ရာခိုင်နှုန်းအထိ ပေါက်မြောက်အောင် မြင်အောင် ဖော်ဆောင်ထားနိုင်ဖြစ်ကြောင်း MDY-PDF က ဆို သည်။
ထိုသို့စစ်ဆင်ရေးများကို အောင်မြင်စွာဖော်ဆောင်နိုင်ခြင်းသည် ပူးပေါင်းပါဝင်နေသော မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍက အရေးပါသောနေရာမှ ပါဝင်နေခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းသို့ ဟန်ချက်ညီညီ ပူးပေါင်းထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီသည် အထိနာကျရှုံးမှုများ ရင်ဆိုင်နေရပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မန္တလေးတိုင်း အတွင်းရှိ စဉ့်ကူးမြို့နယ်အပါအဝင် နယ်မြေအများ အပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း MDY-PDF က ဆိုသည်။
MDY-PDF အနေဖြင့် ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေးနှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ပူးပေါင်းတိုက်ပွဲ ဝင်နေသည့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-MDY-PDF
Leave a Reply