အမေရိကန်နှင့်ဥရောပက စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာနိုင်ငံထုတ် အထည်များ အပါအဝင် ကုန်ပစ္စည်းများကို Made in Thailand တံဆိပ်များ လိမ်လည် ရိုက်နှိပ်ပြီး တင်ပို့နေရဟု UMFCCI ပြောဆို

အမေရိကန်ပြည်ထောင်စုနှင့်ဥရောပက စီးပွားရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံထုတ် အထည်များ အပါအဝင် ကုန်ထုတ်ပစ္စည်းများကို Made in Thailand တံဆိပ်များ လိမ်လည် ရိုက်နှိပ်ပြီး တင်ပို့နေရဟု UMFCCI ပြောဆိုလိုက်သည်။

UMFCCI ၏ ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရုံးတွင်း ကန့်သတ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် UMFCCI ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်ကပြောဆိုသည်။

Made in Myanmar ပစ္စည်းများကို စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် ဥရောပက လက်မခံသဖြင့် Made in Thailand ဟု တံဆိပ်လိမ်လည်ရိုက်နှိပ်ကာ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တင်ပို့နေရကြောင်း သိရှိရသည်။

“အဓိကတော့ အထည်ချုပ်တွေပေါ့။ အထည်ချုပ်တွေလည်းပါတယ်၊ အခြားဒီမှာထုတ်တဲ့ပစ္စည်းတွေလည်းပါတယ်။ မြန်မာ့ထုတ်ကုန်တွေလည်းပါတယ်ပေါ့။ Made in Myanmar လို့ တပ်ထားရင် ဂျပန်နဲ့ တရုတ်နိုင်ငံကတော့ လက်ခံတယ်။ ဒါပေမယ့် ဥရောပနဲ့ အမေရိကန်က လက်မခံဘူး။ အဲဒါကြောင့်မို့လို့ Made in Myanmar တွေကို Made in Thailand ဆိုပြီး တံဆိပ်တပ်လိုက်တယ်။ ပြီးတော့ ထိုင်းထဲကို ပို့လိုက်တယ်။ အဲဒီထိုင်းထဲကမှ တစ်ဆင့် နောက်ဆုံးတင်ပို့မယ့် ဥရောပနဲ့ အမေရိကကို ပို့တယ်” ဟု UMFCCI သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် Made in Thailand တံဆိပ်လိမ်လည်ရိုက်နှိပ်ထားသော မြန်မာပြည်မှ ထုတ်ကုန်များကို နယ်စပ်လမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ လည်းကောင်း တင်ပို့ခြင်းဖြင့် အမေရိကန်နှင့်ဥရောပစျေးကွက်များသို့ ပို့ဆောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံမှ အထည်ချုပ်အလုပ်သမားတစ်ဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *