မန္တလေးတွင် ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးတစ်ဦး လဲကျသေဆုံး

မန္တလေးမြို့တွင် အပူချိန်အောက်တွင် အချိန်ကြာမြင့်စွာ ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးကြီးတစ်ဦး လဲကျသေဆုံးခဲ့သည်။

ယမန်နေ့ (သြဂုတ် ၁၇ရက်) နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း – မန္တလေးလမ်း၊ တမ္ပဝတီရပ်ရှိ New Day ဆီဆိုင်၌ ဆိုင်ကယ်ဖြင့် ဆီတန်းစီနေသူများအနက် (၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး မူးမေ့လဲကျကာ သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

“မနေ့ကတအားလည်းပူတယ်။ အတန်းကြီးကလည်း တအားများတယ်။ အဲဒီအန်တီကြီးက မူးတယ်မူးတယ်ဆိုပြီး လဲကျသွားတာ။ အရေးပေါ်ကားတွေလာခေါ်ပေမယ့်ဆုံးသွားတယ်။”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ နန်းတော်ရာရပ်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အပါအဝင် ဒေသအသီးသီး၌ စက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး နာရီပေါင်းများစွာ တန်းစီဝယ်ယူနေရ၍ ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှဝယ်ယူတင်သွင်းရသည့်စက်သုံးဆီမှာ မကြာခဏ ကမောက်ကမဖြစ်ကာ ဆီပြတ်လပ်လေ့ရှိပြီး ယခုအခါအဆိုးရွားဆုံး ရင်ဆိုင်နေရသည်။

(ယခုလဆန်းပိုင်းက မန္တလေးမြို့တွင် စက်သုံးဆီတန်းစီနေသူများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *