မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်

တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

“စစ်ကားတစ်စီးက သိမ်းနိုင်တယ်။ စစ်ကား ၃ စီးက မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားက စက်နိုးလို့မရလို့ ကားလမ်းပေါ်မှာရပ်နေတာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်အင်အားတော့ သိမ်မများဘူး။ အဓိကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ လက်နက်ပစ္စည်းလာပို့ဖို့တက်လာတာ ကျော်တက်လို့မရဖြစ်သွားတာ”လို့ပြောပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ် အပြီးသတ်သိမ်း ပိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

ဗန်းမော်မြို့ကို အဓိကလုံခြုံရေးယူပေးတဲ့ မိုးမောက်မြို့ ခမရ ၄၂၇ တပ်ကို KIA ပူးပေါင်းတပ်တွေ ဒီနေ့ညနေပိုင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီတပ်စခန်းဟာ အခိုင်အမာတည်ဆောက်ထားတဲ့စခန်းဖြစ်ပြီး KIA ပူးပေါင်းတပ် လနဲ့ချီထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ ရာနဲ့ ချီသေဆုံး

ဗန်းမော်ခရိုင်ထဲမှာ တစ်လဝန်းကျင်လောက် တိုက်ပွဲကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO အတည်ပြုပြောပါတယ်။

“၃ နာရီနဲ့ မိနစ် ၄၀ ဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ စခန်းကို မသိမ်းခင် ဒီမနက်ပိုင်းမှာ စစ်ဆင်ကွပ်ကဲရေးအဖွဲ့တွေ အရင်ထွက်ပြေးသွားကြတယ်။ တပ်သားဦးရေဘယ်လောက်ထိရှိလဲတော့မသိဘူး။ ဖမ်းဆီးရမိတာတွေလည်း အချိန်အထိ အသေးစိတ်တော့မသိရသေးဘူး။ စခန်းသိမ်းပိုက်နိုင်တာတစ်ခုပဲသေချာသိရသေးတယ်”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မိုးမောက်တပ်စခန်းလက်မလွတ်ရေးအတွက် ဒီကနေ့ မနက် ၁၂ နာရီဝန်းကျင်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့ဘက်ကလည်း တင့်ကားအပါ စစ်ကား ၅ စီးနဲ့ စစ်ကူတက်လာခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်ဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကား ၅ စီးပါတဲ့ ယာဉ်တန်းကို မိုးမောက်မရောက်မှီ ၆ မိုင်နဲ့၇ မိုင်ကြားမှာ KIA တပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့ မိုးမောက်ဘက်ကို ကျော်တက်မသွားနိုင်ဘဲ လမ်းခုလပ်မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် တိုက်ခိုက်ခံရတဲ့နေရာမှာ စစ်ကား ၄ စီးမီးလောင်ပျက်စီးသွားပြီး စစ်ကားတစ်စီးကို KIA တပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

ဒါကြောင့် KIA တပ်တွေက မိုးမောက်တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ခဲ့တဲ့အပြင် စစ်ကူတက်လာတဲ့ စစ်ကား ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီးတပ်သား ရာဂဏန်းသေဆုံးမှုရှိခဲ့တဲ့ လက်နက်ခဲယမ်းရေတွက်လို့မရအောင် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ခိုင်လုံတဲ့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးလည်း ပြောပါတယ်။

“ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေက သိပ်မရှိလောက်ဘူး။ ဘာလို့လဲဆိုတော့ ထွက်လို့မရအောင် အကုန်ပိတ်ထားတယ်လေ။ တပ်စခန်းမှာက စစ်အင်အား ၃၀၀ လောက်ရှိတယ် အကုန်သေသွားတယ်။ ဖမ်းဆီးရမိတာလည်းရှိတယ်။ ဘယ်လောက်ရှိလဲတော့ သေချာမသိရသေးဘူး။ လက်နက်ခဲယမ်းကတော့ ရေတွက်လို့တောင်မကုန်ဘူး အရမ်းများတယ်”လို့ပြောပါတယ်။

မိုးမောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရာနဲ့ ချီသေဆုံးပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်လောက်ရှိပြီး အဲဒီစစ်အင်အားတွေဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းအတွင်း KIO ထိန်းချုပ်နယ်မြေ တဝိုက်က တပ်စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ထွက်ပြေးလွတ်မြောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက မိုးမောက် ခမရ ၄၃၇ တပ်စခန်းရဲ့ အရေးပါတဲ့ နေရာတစ်ချို့ကို သိမ်းပိုက်ထားခဲ့ပြီး ဒီကနေ့မှာတော့ အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ လောက်မှာလည်း မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA သိမ်းပိုက်ဖို့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင် ခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲငြိမ်သက်သွားပြီး တစ်လကျော်အကြာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲကာလ တစ်လခန့်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ ဗန်းမော်မြို့အပါ မိုးမောက်မြို့နယ်တစ်ခုလုံးအတွက်အရေးပါသလို ဗန်းမော် – မိုးမောက် – လွယ်ဂျယ် ကားလမ်းပိုင်းအတွက်လည်း စစ်ရေးအရ အလွန်ရေးပါတဲ့ နေရာကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *