စစ်ကောင်စီက ဒီပဲယင်းမြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး မြို့ကိုမီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို စစ်ကောင်စီက ပြန် လည်ထိန်းချုပ်ပြီးနောက် ဒီပဲယင်းမြို့အတွင်းကို စစ်ကောင်စီက မီးတင်ရှို့နေကြောင်း သိရသည်။

ဒီပဲယင်းမြို့အတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်က ယနေ့ ဩဂုတ် ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဒီပဲယင်း တောင်ပြင်ရပ်ကွက်ကို မီး ရှို့ဖျက်ဆီးနေကြောင်း ဒေသတော်လှန်ရေးအဖွဲ့ထံက သိရသည်။

“ဒီနေ့ နေ့ခင်းမှာ စစ်တပ်က သူတို့အလောင်းတွေကို မီးရှို့တယ်။ ညနေပိုင်းမှာ လူနေအိမ်တွေကိုပါ မီးရှို့တယ်။ ဒီပဲယင်းတောင်ပြင်ရပ်ကွက်ကို မီးရှို့နေတာ။ ပြည်သူထိခိုက်တာတော့မရှိဘူး”ဟု ဗိုလ်ကျားကြီး(ဒီပဲယင်းအဖွဲ့)မှ ဗိုလ်ကျားကြီးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်၍ ယနေ့တွင် မြို့ကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ဒီပဲယင်း မြို့အတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကာ မြို့ကိုထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ဩဂုတ် ၁၈ ရက်နေ့ နေ့လယ် ပိုင်းမှစတင်ပြီး MI 35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုအပြင် ပေါင် ၅၀၀ ဗုံးများပါ ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MI 17 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်လာရောက်၍ စစ်ကူအင်အား ၁၀၀ ကျော်ကို ဒီပဲယင်းမြို့ အတွင်း အင်အားတိုးချဲ့ပို့ဆောင်ခဲ့သည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များ မြို့မှယာယီဆုတ်ခွာ ပေးခဲ့ရကြောင်း သိရ သည်။

“စစ်တပ်က မြို့ထဲမှာ နေရာအထိုင်ချဖို့လုပ်နေတယ်။ မြို့ထဲက ဘုန်းကြီးကျောင်း သုံးကျောင်းနဲ့ လူနေအိမ် တွေမှာပါ နေရာချတပ်စွဲဖို့ လုပ်နေတယ်။ ၁၈ ရက်နေ့က MI 17 လေး စင်းနဲ့ လူလာချတယ်။ လေကြောင်းကနေလည်း လာကြဲလို့ နောက်ဆုတ်ခဲ့ရတယ်”ဟု ဗိုလ်ကျား ကြီးက ပြောသည်။

ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွားသည့် ဩဂုတ် ၁၆ ရက်နေ့မှစတင်ကာ စစ်ရှောင်နေကြပြီး စစ် ဘေးရှောင် နှစ်သောင်း(၂၀,၀၀၀) ခန့်အထိ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များအပါအဝင် ဒီပဲယင်း-ရေဦး ကားလမ်းဘေးရှိ ရွာသစ်၊ မဲသယ်၊ ယင်းတွေ၊ ဝပါ၊ မှန်သာ၊ လက်ယက်ကုန်း၊ မဲအိုး၊ အောင်ချမ်းသာ၊ ပျော်ဘွယ်စသည့် ကျေးရွာများမှပါ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ပုံစာ-ဒီပဲယင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *