ကပ်ဘေးအရေးပေါ်သတိပေးချက်ထုတ်ထားတဲ့ မျောက်ကျောက် ဗိုင်းရပ်ရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

မကြာသေးခင်ကပဲ နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO က ထုတ်ပြန်ကြေညာခဲ့တဲ့ မျောက်ကျောက်ရောဂါရဲ့ နောက်ဆုံးမျိုးကွဲ mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ယောက် ထိုင်းနိုင်ငံထဲမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း ထိုင်း ရောဂါထိန်းချုပ်ရေး ဌာန (DCD) က ဩဂုတ် ၂၁ ရက်နေ့မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့က အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ဥရောပသားတစ်ဦးဆီမှာ ဒီ mpox 1b ဗိုင်းရပ်ရှိတာကို တွေ့ရှိခဲ့တာဖြစ်ပြီး ဆက်လက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီး ချက်ချင်း သတင်း ထုတ်ပြန်ချက်လုပ်သွားမှာဖြစ်ကြောင်း ထိုင်း DCD ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်ချိုင်းက မီဒီယာတွေ ကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။

mpox ဗိုင်းရပ်စ်ကို ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက DPR ကွန်ဂိုနိုင်ငံက လူသားတွေမှာ ကူးစက်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပြီး Orthopoxvirus ကနေ ကူးစက်ပျံ့နှံ့တဲ့ ကျောက်ရောဂါဆိုးဖြစ်ပေမယ့် ဒေသတစ်ခုအတွင်း မှာသာ အများအပြားကူးစက်ခဲ့လို့ လူသူသိပ်သတိမမူမိခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဗဟိုအာဖရိက နဲ့ အနောက်အာဖရိကနိုင်ငံတွေအထိပါ ကူးစက်ပျံ့နှံ့ခဲ့ရာကနေ ကမ္ဘာ့ နိုင်ငံတချို့ဆီပါ ရောက်ရှိခဲ့လို့ ပထမ တစ်ကြိမ်အရေးပေါ် ကပ်ရောဂါအဖြစ် WHO က ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မေလမှာတော့ ပျံနှံ့မှုနှုန်း အထူး သိသာစွာကျဆင်းသွားလို့ ကပ်ရောဂါဘေးမဟုတ်တော့ကြောင်း ပြန်လည်ကြေညာခဲ့ရပါတယ်။

ဒါပေမဲ့ အခု အာဖရိက နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါရဲ့ မျိုးခွဲဖြစ်တဲ့ mpox 1b ဗိုင်းရပ်ပြန်လည် ပျံ့နှံ့မှုက နေ အချိန်တိုအတွင်း အယောက် ၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သလို ဒီမျိုးကွဲဗိုင်းရပ်စ်ဟာ ကိုဗစ်ထက်ဆိုးတဲ့ သေဆုံးနှုန်းရှိပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကို ရောက်ရှိနေကြောင်း သိရှိရလို့ တဖန်ပြန်ပြီး ကမ္ဘာ့ကပ်ရောဂါ အဆင့် ပြန်လည်သတ်မှတ်ကြေညာခဲ့ရတာဖြစ်ပါတယ်။

ပြည်ပခရီးသွားလုပ်ငန်းနဲ့တိုင်းပြည်ဝင်ငွေအဓိကရှာတဲ့ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ဩဂုတ် ၁၁ ရက်နေ့အထိ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ရှိသူ ၈၂၇ ယောက် ရှာတွေ့ခဲ့ပေမယ့် အားလုံးဟာ သိပ်ဆိုးရွား မှုမရှိတဲ့ clade 2 မျိုးကွဲဗိုင်းရပ်စ်အဆင့်သာဖြစ်ကာ အခုမှ အန္တရာယ်ုအရှိဆုံးဖြစ်နေတဲ့ clade 1 အဆင့် mpox 1b ဗိုင်းရပ်စ်ရှိသူ ကို ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သာမန်မျောက်ကျောက်ရောဂါဟာ လိင်ဆက်ဆံခြင်း၊ အသားအရေချင်း ထိမိခြင်း၊ တုပ်ကွေးလက္ခဏာ ပြသခြင်း၊ အရေပြားပေါ်မှာ အဖုအပိန့်တွေက မြန်ဆန်စွာပျံ့နှံ့ခြင်းတွေဖြစ်ပေါ်ပြီး နောက်ဆုံး mpox 1b ဗိုင်းရပ်စ်ရှိသူတွေမှာ သေဆုံးနှုန်းက ပျမ်းမျှ ၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ပထမဆုံးစတွေ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားသူကို ထိုင်းနိုင်ငံမှာ ပထမဆုံးစတွေ့ရတယ်လို့ သြဂုတ် ၂၁ ရက်မှာ ကြေညာပါတယ်။

အာဖရိကတိုက်ကနေ ဘန်ကောက်ကို ဒီလ ၁၄ ရက်မှာ ပြန်ရောက်လာတဲ့ အသက် ၆၆ နှစ်ရွယ် လူတစ်ယောက်ဆီမှာ မျောက်ကျောက်ရောဂါ လက္ခာဏာ နောက်တစ်နေ့မှာ တွေ့ရတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

ဓာတ်ခွဲစမ်းသပ်နေတုန်းပဲ ဖြစ်ပေမဲ့ Clade 1 မျောက်ကျောက်ရောဂါပိုးတွေ့ရတယ်လို့ တာဝန်ရှိသူတွေက ယူဆကြပါတယ်။ လူနာကိုလည်း သီးခြားခွဲထားပြီး နောက်နှစ်ရက်မှာ ဓာတ်ခွဲခန်း အဖြေသိရမယ်လို့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူနာနဲ့ တွေ့ခဲ့တဲ့ လူ ၄၂ ယောက်ကိုလည်း စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

မျောက်ကျောက်ရောဂါကြောင့် အာဖရိကမှာ လူသေဆုံးနှုန်းလည်း များနေပါတယ်။ ကွန်ဂို၊ ဘရွန်ဒီ၊ ရဝမ်ဒါနဲ့ ယူဂန္ဓာ နိုင်ငံတွေမှာ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားတာပါ။

မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နီးနီးစပ်စပ်နေထိုင်ရင် လူကလူကိုလည်း ကူးစက်ပါတယ်။

မျောက်ကျောက်ရောဂါ (Monkey Pox) ရှိမရှိ ဓာတ်ခွဲခန်းတစ်ခုတွင် စမ်းသပ်နေသည့်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo : Reuters)


Comments

Leave a Reply

Your email address will not be published. Required fields are marked *