ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) ဗဟိုဌာနချုပ်အနီး တည်ရှိသည့် မိုးမောက်မြို့နယ်သည် စစ်ကောင်စီတပ်စခန်းအားလုံး ကင်းစင်ပြီး ပထမဆုံးလွတ်မြောက်နယ် ဖြစ်လာပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောသည်။
သွားလာရခက်ခဲသည့်အတွက် စစ်ကောင်စီတပ်များ နောက်ဆုတ်သွားသည့် အင်ဂျန်းယန်မြို့နယ်ပြီးပါက ယခုမိုးမောက်မြို့နယ်သည် KIO ဗဟို၏ အထူး စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်သိမ်းယူလိုက်သည့် မြို့နယ် ဖြစ်သည်။
မြစ်ကြီးနား – ဗန်းမော် ပြည်ထောင်စုလမ်းမကြီး ဖြတ်သန်းရာ မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်စခန်းများသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို တနည်းတဖုံ ကန့်သတ်တားမြစ်နေသည့် အထူးနယ်မြေ ဖြစ်သည်။
သြဂုတ်လ ၁၉ ရက်နေ့မှာ မိုးမောက်မြို့နယ်တခုလုံးတွင် နောက်ဆုံးတခုတည်းသာ ကျန်ရှိသည့် စစ်ကောင်စီတပ်၏ ခမရ (၄၃၇) တပ်ရင်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်သည်။
ဗန်းမော်မြို့အဝင်၊ မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) တပ်ရင်းကို စစ်ဆင်ခြင်း တလနီးပါအကြာ ဩဂုတ်လ ၁၉ ရက်နေ့တွင် အပြီးတိုင် သိမ်းယူလိုက်ပြီဟု KIA စစ်ရေးရုံး သတင်းရင်းမြစ်က ဆိုသည်။
ခမရ (၄၃၇) စခန်းသည် မိုးမောက်နှင့် ဗန်းမော်မြို့ကြား ကားလမ်းပေါ်တွင် တည်ရှိသည့် တပ်ဝန်းကျယ်ကျယ်ပြန့်ပြန့်ရှိသည့် စခန်းဖြစ်ပြီး၊ ယခုနှစ် မေလဆန်းပိုင်းမှာ KIA က ပထမဆုံးအကြိမ် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ယင်းနောက် စခန်းထိုးစစ်ကို ယာယီရပ်ဆိုင်းထားရာမှ ဇူလိုင် ၂၄ ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ ထိခိုက်မှု
ခမရ (၄၃၇) တပ်သည် မိုးမောက်မြို့၏ မြို့စောင့်တပ်ဖြစ်သကဲ့သို့ ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင် ရေးကွပ်ကဲရေးဌာနချုပ်၏ အိမ်ရှေ့ခြံဝင်းတံခါး စုပေါင်းတပ်မ အထိုင်ချထားသည့် တပ်ရင်းဖြစ်သည်။
တပ်မ (၈၈)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်ရင်းနှင့် စကစ (၂၁) လက်အောက်ခံတပ်ရင်းများ စုပေါင်းအထိုင်ချထားသည့် အနေအထားဖြစ်သည်ဟု KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။
“ဒီတပ်က မိုးမောက်မှာ အကျယ်ဆုံးနဲ့ အကြီးဆုံးပဲ။ အဲ့တာကြောင့် ဒီတပ်ထဲမှာ အကုန်ထားတယ်။ ဒီတပ်ကို ရလိုက်တာက ဗန်းမော်မြို့ကို ရခြင်း၊ မရခြင်းကို အဖြေပေးလိုက်လို့တောင်ရပြီ။ ဘာဖြစ်လို့လဲဆိုရင် ဒီတပ်က မိုးမောက်အတွက် မြို့စောင့်တပ်ဖြစ်သလို ဗန်းမော် စကစ (၂၁) အတွက်က ဘယ်လက်ရုံးတပ် ဖြစ်နေတာကိုး။ ဗန်းမော်စကစက အရင်က ဒီဘက်ကို တခုခုလုပ်တိုင်း ဒီတပ်က ပါကိုပါတယ်။ အခုဆို ကျနော်တို့ ဒီ (၄၃၇) ကိုရလိုက်တာက စကစ (၂၁) က လက်တဖက်ပြုတ်သွားပြီ။ နောက်ပြီး ကျနော်တို့လည်း ဗန်းမော်နဲ့ ငါးမိုင်လောက်ပဲ ဝေးတော့တဲ့ အနေအထားကို ထိန်းချုပ်ပြီးသား ဖြစ်သွားပြီ” ဟု KIA စစ်ရေးရုံး သတင်းရင်းမြစ်က သုံးသပ်သည်။
ယမန်နေ့ ခမရ (၄၃၇) စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်က ဒရုန်း၊ လေကြောင်းများနှင့် အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တိုက်ခိုက်မှုမှာ သံချပ်ကာ တင့်ကားများကိုပင် အသုံးပြုကာ ခုခံနေခဲ့သည်။
စခန်းသိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းအဖွဲ့က စစ်ကောင်စီ တင့်ကားတစီး အပါအဝင် စစ်လက်နက်အမြောက်အများကို သိမ်းယူနိုင်ခဲ့သကဲ့သို့ စစ်ကားလေးစီးထက်မနည်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး၊ စစ်ကောင်စီ ခမရ (၄၃၇) စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်းလည်း သိရှိရသည်။
တလနီးပါးကြာမြင့်ခဲ့သည့် ယခုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ရပြီး၊ KIA ဘက်ကလည်း ထိခိုက်သေဆုံးသူ အချို့ရှိခဲ့ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ဗဟိုအမိန့်ဖြင့် စစ်ကောင်စီမြို့စောင့်တပ်များကို အပြုတ်တိုက်သည့် အထူးတပ်
ယခုနှစ် မတ်လ ၇ ရက်နေ့ကတည်းနေ စတင်ခဲ့သည့် KIA ၏ စစ်ဆင်ရေးအများစုက ဗဟိုအမိန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းသာဖြစ်ကြောင်း တပ်မဟာဌာနချုပ် တပ်ရင်း၊ တပ်ဖွဲ့ သတင်းရင်းမြစ်များက ဆိုသည်။
ယခင်က KIA ၏စစ်ဆင်ရေးများသည် သက်ဆိုင်ရာ တပ်မဟာဌာနချုပ်များ၏ အမိန့်များဖြင့်သာ တိုက်ခိုက်ကြသော်လည်း၊ ယခုနှစ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုက ဗဟိုညွှန်ကြားချက်အတိုင်း တိုက်ခိုက်သိမ်းယူခြင်းဖြစ်ကြောင်း ရှေ့တန်း KIA သတင်းရင်းမြစ်က ပြောသည်။
“ခုထိုးစစ်ဆင်တဲ့ တိုက်ပွဲအများစုက ဗဟိုက တိုက်ရိုက်ကိုင်ပြီး တိုက်တဲ့ တိုက်ပွဲပဲ။ တိုက်ပွဲအမိန့်တိုင်းက ဗဟိုကလာပေမယ့် ဒီတခေါက်က မတူဘူး။ အခု (၄၃၇) ရပြီးရင် ဗန်းမော်ကို ဝင်ချင်မှ ဝင်ဦးမယ်။ ဒီမှာ ဗဟိုအမိန့်က မြစ်ကြီးနားလား၊ ဒါမှမဟုတ် မိုးကောင်း တခုခုလည်းဖြစ်သွားနိုင်တယ်။ ဗန်းမော်ကို မဝင်ဘူးလို့လည်း မပြောနိုင်ပြန်ဘူး။ ဒီလိုတိုက်နိုင်ဖို့လည်း တပ်ရင်းတွေက အသင့်အနေအထားမှာ ရှိနေတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ အထူးခြေသံလုံပြီး တိုးတိုးတိတ်တိတ်နှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနေသည့် KIA ၏ တပ်မဟာတခုလည်း ရှိနေသည်။
လျို့ဝှက်လွန်းသည့် စစ်ဆင်ရေးအချက်အလက်ဖြစ်၍ မြေပြင်သတင်း အဖွဲ့ကလည်း အသေးစိတ် သိရှိနိုင်ရန် ခက်ခဲမှုရှိသည်။
သို့သော် ရရှိထားသည့် စခန်းသိမ်းတိုက်ပွဲ မြေပြင်အချက်အလက်နှင့် မဇ္ဓျိမ၏ အထူးစိစစ်ထားချက်အရ ယခုလို အလုံးစုံမြို့စောင့်တပ် သိမ်းယူရေး KIO ဗဟိုအမိန့်ဖြင့် လှုပ်ရှားနေသည့် တပ်မဟာတခုမှာ ဂေါ်ရ်ခါး KIA တပ် ဖြစ်သည်။
အချက်အလက်အရ ထိုတပ်မဟာရောက်ရှိပြီး ကျန် KIA တပ်ရင်းများနှင့် ပူးပေါင်းတိုက်ခိုက်သည့် စစ်ကောင်စီတပ်စခန်းကြီးတိုင်းက စစ်ရှုံးရသည်ကြီးသာ ဖြစ်နေပြန်သည်။
စစ်ကောင်စီတပ်၏ မိုးမောက်မြို့စောင့်တပ်ဖြစ်သည့် ခမရ (၄၃၇) စခန်းသိမ်း တိုက်ပွဲတွင်လည်း ဂေါ်ရ်ခါး KIA တပ်ရင်းများ ပါဝင်နေသည်ကို ထုတ်ပြန်လာသည့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရသည်။
KIA ဂေါ်ရ်ခါးတပ်က ဝိုင်းမော်၊ ရွှေညောင်ပင်မြို့စောင့်တပ်တခုဖြစ်သည့် ခမရ (၃၂၁) ကို ရှေ့တန်းမှ တိုက်ခိုက်ခဲ့သေးသည်။
အလားတူ စစ်ကောင်စီ နာမည်ကြီး အလောဘွမ်း တပ်စခန်း၊ နန်ဆန်ယန်၊ ကန်တော်ယန်စသည့် မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်က စစ်ကောင်စီတပ်၏ အဓိက ဗျုဟာကျတပ်စခန်းများကို သိမ်းပိုက်မှုမှာ KIA ဂေါ်ရ်ခါးတပ်၏ စွမ်းဆောင်မှုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခင် KIA ဌာနချုပ်ဟောင်း နာဖော့တိုက်ပွဲ၊ ဘွမ်ရဲဘွမ်တပ်စခန်းကုန်း တိုက်ပွဲများမှာ ဗဟိုတိုက်ခိုက်ရေးတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက အခိုင်အမာ အတည်ပြုသည်။
KIA ဂေါ်ရ်ခါးတပ်သည် KIO ဗဟို၏ အထူးအားထားရသော တိုက်ခိုက်ရေး (ဖိုက်တာတပ်ဟု KIA တပ်ရင်းများက ခေါ် ) တပ်ကြီးလည်း ဖြစ်သည်။ အသက် ၆၅ နှစ်ကျော်အရွယ်ရှိပြီဖြစ်သည့် ဒုဗိုလ်မှူးကြီး Gala ဘရန်ရှောင် ဦးစီးသည်ဟု KIA စစ်ရေးရုံး အချက်အလက်အရ သိရသည်။
ဂေါ်ရ်ခါးအမျိုးသမီးစစ်သည် ၂၀၀ နီးပါးနှင့် အမျိုးသားစစ်သည် ၈၀၀ ခန့်ရှိသည့် ထိုတပ်ရင်း တပ်မဟာသည် KIO ဗဟိုက တိုက်ရိုက်ကိုင်တွယ် စစ်ဆင်နေသည့် စစ်ကောင်စီတပ်၏ အဓိကကျ မြို့စောင့်ဗျုဟာတပ် သိမ်းယူရေးမှာ လက်ရှိအချိန်ထိ အောင်ပွဲအလီလီရယူထားနိုင်သည်ကို တွေ့ရသည်။
နွေဦးတော်လှန်ရေးမှာ လာချင်းကောင်းသော မိုးမောက်မြို့
မြန်မာစစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးစစ်မျက်နှာ စဖွင့်ခဲ့သည့် ကချင်ဒေသမှာ မိုးမောက်မြို့နယ်သည် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့သည့် နယ်မြေ ဖြစ်သည်။
ဒေါ့ဖုန်းယန် – မြို့သစ် – ကုန်လော အစရှိသည့် တိုက်ပွဲများသည် နွေးဦးတော်လှန်ရေးမှာ KIA က ပေါက်ဖွားပေးလိုက်သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အောင်ပွဲစတင်ဆင်နွှဲခဲ့သည့် နေရာလည်း ဖြစ်သည်။
နွေဦးတော်လှန်းအစ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှာ KIA က စစ်ကောင်စီတပ်၏ Mi 35 တိုက်ခိုက်ရေး လေယာဥ်ကို မိုးမောက်မြို့နယ်ထဲမှာ ပထမဆုံးပစ်ချကာ ပြည်သူလူထုကို အားတက်စေခဲ့သည်။
ထိုသို့ စစ်အာဏာရှင်တော်လှန်ရေးမှာ လာချင်းကောင်းသော မိုးမောက်မြို့နယ်သည် လက်ရှိမှာ KIO ဗဟိုဌာနချုပ်အနီးမှာ စစ်ကောင်စီတပ်များ အလုံးစုံ ကင်းစင်သွားပြီဖြစ်သည့် ပထမဆုံးမြို့နယ်တခု ဖြစ်လာပါတော့သည်။
ပုံအညွှန်း- မိုးမောက်ရှိ ခမရ (၄၃၇) စခန်းကို သိမ်းပြီးနောက် မြင်ကွင်းအချို့ (ဓာတ်ပုံ- KIO ပြန်ကြားရေး)
Leave a Reply