မြိုင်မြို့နယ်တိုက်ပွဲ နယ်မြေရှင်းလင်းရာ စစ်ကောင်စီဗိုလ်မှူးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများထပ်တွေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း Earthquak People’s Pefence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်မှလာသော စစ်ကောင်စီစစ်ကြောင်းသည် ဒေသတွင်း PDFများ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။

ယနေ့ (သြဂုတ်၂၃ ရက်) နံနက် ၄ နာရီခွဲခန့်တွင် အဆိုပါ စစ်ကြောင်းသည် သရက်ကန်ပျူစောထီးကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် နယ်မြေရှင်းလင်းရာ စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီးခင်မောင်လွင်နှင့် တပ်သားသုံးဦး၏ ရုပ်အလောင်းများနှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များစွာထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း Earthquak PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အဲဒီစစ်ကြောင်းက ပခုက္ကူတပ်မ(၁၀၁)ရယ်၊ ကပစ(၂)ကရယ်လို့ စစ်သုံ့ပန်းတွေကပြောတယ်။ စစ်ကြောင်းထိုးနေထိုင်တဲ့ရွာသစ်ဘုန်းကြီးကျောင်းနားကနေ တွေ့တာပါ။ ရှေ့ရက်တွေကလည်း ဒရုန်းလက်နက်ကြီးပစ်ထားတာတွေတော့ ရှိပါတယ်။ အလက်ငယ်နဲ့လည်း ထိတွေ့မှုတွေနေ့တိုင်းဖြစ်ထားတာပေါ့။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၁၂ လောင်း တွေ့ရှိခဲ့ပြီး ရုပ်အလောင်းများအား PDF များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

“ဒီနေ့တွေ့တဲ့ လေးလောင်းကတော့ မြှုပ်ထားတာ။ တစ်လောင်းကတော့ ထန်းပလက်ခြောက်လေး အုပ်ထားတာ။ ဟိုတနေ့က ၁၂ လောင်းကသက်သက်။ ဒါကထပ်တွေ့တာ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ဒုတပ်ကြပ် နှစ်ဦးနှင့် တပ်သား သုံးဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မ မှစစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လကလည်းက မြိုင်နယ်သို့ ရောက်ရှိလာကြောင်း၊ ယခုသြဂုတ်အတွင်း ကိုင်းတောမရွာသစ်ကျေးရွာသို့ ရောက်ရှိ အခြေချကာ အနီးနားပတ်ဝန်းကျင်ကျေးရွာများအား ခိုးဆိုးလုယက်၊မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းဖြစ်ကြောင်း မြိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ကျန်ရှိနေသည့် သရက်ကန်ပျူစောထီးကျေးရွာ၊တွင်းမကျေးရွာနှင့် ပခုက္ကူမြို့နယ်ရှိစစ်ကောင်စီအထိုင်ချနေရာများနှင့် စစ်ကောင်စီတပ်သားများအားလုံး အလင်းဝင်ကြရန်နှင့်မပူးပေါင်းပါက ဆက်လတ်ထိုးစစ်ဆင်​မည်ဟု ​ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား PDFများက သိမ်းပိုက်နိုင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *