ဘီလူးစစ်ကြောင်းမှူးထံမှ စစ်ချက်ယူပြီး သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှုရအောင် ဖော်ဆောင်မည်

ဘီလူးစစ်ကြောင်းမှူးထံမှ စစ်ချက်ယူပြီး သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှုရအောင် ဖော်ဆောင်မည်

ပြည်သူများအား နယ်လှည့်သတ်ဖြတ်မှု ကျူးလွန်ခဲ့သော ဖမ်းမိထားသည့် ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှူးအား တွေ့ဆုံမေးမြန်းပြီး သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်သွားမည်ဟု NUG လူ့အခွင့်အရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့်အတူ မဟာမိတ်တပ်ဖွဲ့များမှ ဖမ်းဆီးရမိထားသည့် ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှူးသည် ရက်စက်သည့် သတ်ဖြတ်မှု၊ ရာဇဝတ်မှုများကျူးလွန်ခဲ့သူ ဖြစ်သည့်အတွက် တရားမျှတမှု ဖော်ဆောင်ရန် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ (ဩဂုတ်လ ၂၃ ရက်) ညနေပိုင်းတွင်ပြောသည်။

“သူ့ကို တွေ့ဆုံမေးမြန်းမှုတွေ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတော့ ထိခိုက်သွားခဲ့တဲ့ ပြည်သူတွေအပေါ်မှာ တရားမျှတမှုဖော်ဆောင်ဖို့ သူ့အနေနဲ့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မလဲ၊ အမှန်တရားနဲ့တရားမျှတမှုအပေါ်မှာ ရပ်တည်မလဲဆိုတဲ့ အချက်ပေါ်မှာမူတည်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဘီလူးစစ်ကြောင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ သက်သေ အထောက်အထားများနှင့်တကွ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများထံ တိုင်ကြားစာပို့ထားပြီးဖြစ်ကြောင်း ယခင်ဖြစ်စဉ်များဖြစ်ပွားခဲ့ချိန်ကပင် ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောဆိုထားသည်။

ဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်းအတွင်းက မုန်တိုင်ပင် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှု၊ တာတိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ CDSOM တပ်ဖွဲ့မှ ဗိုလ်ဆင်ရိုင်းနှင့် တပ်ဖွဲ့ဝင်တဦးအား လမ်းပေါ်တွင် ခေါင်းဖြတ်သတ်မှု၊ ဝက်လက်က ပြည်သူခြောက်ဦး သတ်ဖြတ်ခံရမှု၊ သတ်ဖြတ်ပြီးနောက် လိင်အင်္ဂါကို ပါးစပ်အတွင်းထည့်ထားသည့်ဖြစ်ရပ်စသည့် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

“ဘီလူးစစ်ကြောင်းမှူးက စစ်ကြောင်းတလျောက်လုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ပြီးတော့ ရာဇဝတ်မှုတွေကျူးလွန်တဲ့ လုပ်ရက်နဲ့ပတ်သက်လို့ တာဝန်ရှိသူဖြစ်တယ်။ ဒီအချက်တွေနဲ့ပတ်သက်လို့ အကောင်းဆုံး ဖြောင့်ချက်ပေးနိုင်သူလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အဆိုပါ စစ်ကြောင်း၏ စစ်ကြောင်းမှူးနှင့် တပ်ဖွဲ့ဝင် လေးဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သော သပိတ်ကျင်းမြို့နယ်၊ ဖော့တောလမ်းဆုံ တိုက်ပွဲတွင် လက်ရအရှင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က တပ်မတွေ တပ်ရင်းတွေထဲက နည်းနည်းစီထုတ်ထားတဲ့ တပ်ထဲမှာ ပြစ်ဒဏ်ကျထားသူတွေလည်း ပါတယ်။ ဆိုးပေ့မိုက်ပေ့ဆိုတဲ့သူတွေနဲ့ အရပ်ထဲက ထောင်ထွက်တို့ မုဒိန်းသမားလူသတ်သမားတို့။ လက်ရဲဇက်ရဲသမားတွေနဲ့ ပေါင်းစပ်ပြီးဖွဲ့ထားတဲ့စစ်ကြောင်း” ဟု PLA ပြောခွင့်ရသူက ကနဦးစစ်ဆေးရရှိသည့် စစ်ချက်ကို ပြောသည်။

ဖမ်းဆီးရမိသူ လေးဦးထံမှ တပ်မ (၉၉) ဘက်တံဆိပ်များလည်း တွေ့ရကြောင်း ဆိုသည်။

ဘီလူးစစ်ကြောင်းသည် ယခင်က အင်အား ၁၅၀ မှ ၂၀၀ ကြားရှိခဲ့သော်လည်း လက်ရှိ စစ်ကြောင်းမှူးအားဖမ်းဆီးရရှိ၍ စစ်ဆေးချိန်တွင် ၎င်းတို့စစ်ကြောင်း၌ အင်အား ၄၀ ခန့်သာရှိတော့သည်ဟု ထွက်ဆိုကြောင်း PLA ပြန်ကြားရေးက ပြောသည်။

ဘီလူးစစ်ကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့၌ ပထမအကြိမ် တိုက်ပွဲများပြင်းထန်နေစဉ်က ထိုနေရာသို့ ရောက်ရှိနေခဲ့ပြီး၊ ယင်းနောက် မိုးကုတ်မြို့ဘက်သို့ တပ်ဆုတ်လာခဲ့ခြင်းဟု ပြောသည်။

ထို့နောက် မိုးကုတ်တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် သပိတ်ကျင်းသို့ တပ်ဆုတ်လာစဉ် သပိတ်ကျင်း၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“မြို့တမြို့၊ ရွာတရွာကို ဝင်တော့မယ်ဆိုရင် သူတို့က ရှေ့ပြေးပွိုင့်အနေနဲ့ လူတွေကိုအကြောက်တရားသွင်းတဲ့အဖွဲ့၊ လူထုက မတော်လှန်ရဲအောင် စစ်ဦးမှာ ရှေ့ပြေးအနေနဲ့ အရင်ဆုံးရောက်လာပြီး ရွာစဉ်ပတ်ပြီး လူသတ်မုဒိန်းကျင့်သီးသန့်လုပ်တဲ့အဖွဲ့ပါ။ ဒါကတော့ စစ်ချက်သိရသလောက်ပေါ့နော်” ဟု PLA ပြောခွင့်ရသူက ဆိုသည်။

စစ်ကြောင်းမှူးနှင့်အတူ ဖမ်းဆီးထားသူများအား မည်ကဲ့သို့ အရေးယူမည်ကို NUG နှင့် ဆက်လက်ပြောဆို ညှိနှိုင်းပြီးမှသာ သိရမည်ဟု PLA ပြောခွင့်ရသူက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့၏ ဩဂုတ် ၁၃ ရက်ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတဝှမ်း ပြင်းပြင်းထန်ထန်ကျူးလွန်နေသော အထောက်အထားအများအပြားကို တွေ့ရှိထားကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ရာဇဝတ်မှုများကို တရားလက်လွတ်ကျူးလွန်နေသော်လည်း ထိုအတွက် မည်သူမှ ပြစ်ဒဏ်မကျခံရသေးခြင်းသည် ပိုမိုကျူးလွန်ရန် အခွင့်ပေးသလိုဖြစ်နေကြောင်း IIMM အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က ပြောထားသည်။

ထိုရာဇဝတ်မှုများနှင့် ပတ်သက်၍ တာဝန်အရှိဆုံးသူကို နိုင်ငံတကာဥပဒေများနှင့် တရားစွဲရန် ပြင်ဆင်နေကြောင်းလည်း IIMM အဖွဲ့ အကြီးအကဲက ပြောဆိုထားသည်။

“ဒီလိုလူတွေက လူတွေကြားထဲမှာနေရင် အင်မတန်အန္တရာယ်များတဲ့လူတွေ၊ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူသင့်တယ်။ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်တဲ့သူတွေ ဘယ်လိုမျိုးအရေးယူခံရသလဲဆိုတာ သူ့ကိုစံပြအနေနဲ့ အရေးယူတာကို တာဝန်ရှိသူတွေက ထုတ်ပြန်သင့်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့ Burma Human Rights Network မှ ကိုစိုးနေဦးက မှတ်ချက်ပေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *