မြိုင်မြို့နယ်တွင် တိုက်ပွဲတွင် ထပ်မံ သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေး အပါအဝင် စစ်သားမသာ အလောင်း ၅ လောင်း ထပ်မံ သိမ်းဆည်းရရှိ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တိုက်ပွဲတွင် ထပ်မံ သေဆုံးခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေး အပါအဝင် စစ်သားမသာ အလောင်း ၅ လောင်း ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် တွင်းမရွာ ပျူစောထီးစခန်းမှ မြိုင်စက်မှု ၂ ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများ ပိတ်မိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပိတ်မိနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းဖွင့်ပေးခဲ့ပြီး စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေးနှင့် အမည်မသိ စစ်သား ၂ ဦး၏မသာ အလောင်း ၅ လောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြေမြုပ် လျက်ပဲ တွေ့ခဲ့တာပါ။ သူတို့ ရာထူးတွေနဲ့ အမည်တွေက သူတို့ရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ပစ္စည်းတွေကနေမှ သိရတာပါ။ စစ်ခွေးတွေ ဆုတ်ပြေးသွားတဲ့ လမ်းကြောင်းမှာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆုတ်ခွာသွားသော လမ်းကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ၈၁ မမ အဖူး၊ ၄၀ မမ အဖူး၊ RPG အဖူးနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Leave a Reply