ဒီပဲယင်း…

ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်…။

ကဗျာဆရာ လှသန်း ရဲ့ ကြည်မောင်သန်း ကလောင်အမည် နဲ့ ဒီပဲယင်း ကို ဖွဲ့တဲ့ “ဒီပရင်္ဂ” ကဗျာထဲက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ရွတ်ဖတ်ရတဲ့ စာကြောင်းလေးတွေ…။

မကြာသေးခင် ရက်ပိုင်းက နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့ လက်သီးဆုပ်လိုက် မိသေးတယ်။

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း စကစ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း ရွာက သွေးစွန်း နေ့ရက်တွေဟာ မြန်မာပြည်သူတွေရဲ့ မှတ်ဉာဏ်ထဲ၊ နှလုံးသားထဲမှာ ရှိနေကြဆဲ ဖြစ်မှာပါ။

ကျည်ရာတွေ ဗရပွနဲ့ ပျက်စီးသွားတဲ့ စာသင် ကျောင်းကလေး နဲ့ သွေးစွန်း ကျောင်းလွယ်အိတ်ကလေးတွေ၊ ဖိနပ် ကလေးတွေ၊ ကျောင်းစာအုပ်ကလေးတွေနဲ့ သေဆုံး ဒဏ်ရာရ ကလေးငယ်လေးတွေ ရဲ့ ပုံရိပ်တွေ၊ စကားသံတွေက အံကြိတ် လက်သီးဆုပ် တက်ခေါက်မိတဲ့ ဖြစ်စဉ်တွေပါပဲ။

“မေမေ သားကို သတ်သာ သတ်ပစ်လိုက်ပါတော့၊ ဒီ ဒဏ်ရာကြီးနဲ့ နာလှပြီ” ဆိုတဲ့ သေအံ့မူးမူး ကလေးငယ်လေးရဲ့ အသံဟာ ကြားရသူတိုင်း ရင်မချိဖွယ်ပါ။

အဲဒီ ဖြစ်စဉ်မှာ ကလေးငယ် ၇ ဦးအပါအဝင် ၁၃ ဦးခန့် သေဆုံးခဲ့တယ်လို့ အခိုင်အမာ သတင်း ထုတ်ပြန်ချက်တွေ ရှိခဲ့ပေမယ့် စစ်ကောင်စီက သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆို ဗြောင်လိမ်ခဲ့ပါတယ်။

အခု လာမယ့် စက်တင်ဘာ ၁၆ ရက်ဆိုရင် လက်ယက်ကုန်း ဖြစ်စဉ်ဟာ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒီမြို့မှာ

သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်…။

…………..

ဒီမြို့မှာ

အမျိုးသမီး တယောက်

သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်…။

ဒီပဲယင်းမှာပဲ နအဖ စစ်အစိုးရ လက်ထက် ၂၀၀၃ မေ ၃၀ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ တကယ်ပဲ သေကံမရောက် သက်မပျောက် လုပ်ကြံခံရတဲ့ သမိုင်းလည်း ရှိခဲ့တယ်…။

NLD အဖွဲ့ဝင်တွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့ ဦးဆောင်လာတဲ့ ယာဉ်တန်းကို အဲဒီအချိန် စစ်ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေ၊ စွမ်းအားရှင်တွေက အသေသတ် တိုက်ခိုက်တဲ့ ရာဇဝင် အမည်းစက်ဟာလည်း ဖျက်မရတဲ့ အံကြိတ် တက်ခေါက်ရတဲ့ ဖြစ်စဉ်တွေပါပဲ။

စစ်ထောက်လှမ်းရေးရဲ့ အစီရင်ခံစာ တခုမှာလည်း အဲဒီ လုပ်ကြံမှုဟာ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေး နဲ့ စွမ်းအားရှင်တို့ လက်ချက် ဖြစ်တယ်လို့ ဖော်ပြထားတာ ဖတ်ရပါတယ်။

ဒီပဲယင်း ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကား ယာဉ်မောင်း ကိုကျော်စိုးလင်းကလည်း သူတို့ကို နောက်ကနေ တုတ်တွေနဲ့ ပိတ်ပြီး လိုက်ရိုက်နေတာ၊ ကားတွေနဲ့ ပိတ်ထားတာ၊ သံဆူးကြိုး ဘယ်ရီယာတွေ ကာထားတာ၊ ရဲတွေစောင့်နေတာ၊ ကွင်းတခုထဲမှာ ဆလိုက်မီးတွေ ဆင်ပြီး စောင့်နေတာတွေကို တွေ့ခဲ့ရတယ်လို့ မီဒီယာတွေကို ပြောပြထားပါတယ်။

အဲဒီအချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ သူ့ရဲ့ ၂၀၁၅ ဖေဖော်ဝါရီမှာ ထုတ်တဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” စာအုပ်ထဲမှာ ဒီပဲယင်း လုပ်ကြံမှုကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ညွှန်ကြားခြင်း ဖြစ်ပြီး သူက မလုပ်သင့်ကြောင်း တင်ပြခဲ့လို့ သူ့ကို တာဝန်မပေးဖြစ်ပါလို့ ဆိုထားပါတယ်။

နအဖ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် တို့ကို တာဝန် ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ရဲ့ “မမျှော်လင့်သော ခရီးရှည်” စာအုပ်ထဲမှာတော့ ဒီပဲယင်း ဖြစ်စဉ်ဟာ NLD နဲ့ ကြံ့ခိုင်ရေး ကြားက အားပြိုင်မှုဖြစ်စဉ်ဖြစ်ပြီး သူက ပဲလှော်ကြား ဆားညှပ်တယ် ဆိုတဲ့ သဘောနဲ့ ခေါင်းရှောင်ထားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပဲယင်း လုပ်ကြံမှုမှာ ကြံ့ခိုင်ရေး နဲ့ စွမ်းအားရှင် အပါအဝင် လူပေါင်း ၅၀၀၀ ခန့်ရဲ့ တိုက်ခိုက်ခြင်း ခံရပြီး NLD အဖွဲ့ဝင်တွေ အပါအဝင် လူ ၇၀ ခန့် သေဆုံးခဲ့ကြောင်း အစီရင်ခံစာများအရ သိရပါတယ်။

ရိုက်နှက် တိုက်ခိုက်ခံရပေမယ့် သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ NLD အဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီး အကျဉ်းချ၊ NLD ရုံးချုပ်ကို ချိတ်ပိတ်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုဟာ ၂၁ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီပဲယင်းဟာ နိုင်ငံတဝန်း တောင်သူလယ် သမားတွေကို ခေါင်းဆောင်ပြီး ကိုလိုနီ နယ်ချဲ့ကို တော်လှန်တိုက်ပွဲဝင် သူရဲကောင်း ဂဠုန် ဆရာစံ ရဲ့ ဇာတိ ချက်ကြွေ မွေးရပ်မြေ၊ အင်္ဂလိပ် နယ်ချဲ့ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက် စတေးသွားရတဲ့ စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန် အဖြစ် တာဝန် ထမ်းရွက်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

အဲဒီအပြင် ဒီပဲယင်းဟာ စစ်ကိုင်းတိုင်း ရွှေဘို ခရိုင်အတွင်းက မြို့တမြို့လည်း ဖြစ်ပေရာ ရွှေဘိုဟာ တတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ ရဲ့ အောင်မြေ နန်းစိုက်ရာ ၅ မည်ရ မြို့ ဖြစ်ပါတယ်။

သတင်းစာ ဆရာကြီး အိုးဝေ ဦးညိုမြ ရေးသား ပြုစုခဲ့တဲ့ “ကုန်းဘောင် ရှာပုံတော်” စာအုပ်ထဲမှာ –

“အလောင်းမင်းတရား တည်ထောင်ခဲ့သော ပြည်ရွှေဘိုမှာ ၅ မည် ရခဲ့ရာ (၁) ကုန်းဘောင် နေပြည် (၂) ရန်ကြီးအောင် (၃) ရတနာသင်္ခ (ရတနာသိင်္ဃ) (၄) မုဆိုးဘို (မုဆိုးဖို) (၅) ရွှေဘို ဟူ၍ ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုးရဲ့ “ဧရာဝတီ” အမည်ရှိ စာအုပ်မှာလည်း –

“သူသည် မုဆိုးဖိုတွင် ကျုံးမြောင်းနန်းမြို့ တည်၍ ရတနာသိင်္ဃ ကုန်းဘောင်မြို့ ဟူ၍ သမုတ်လေသည်။ ထိုမြို့သည် နောင်အခါ ရွှေဘို ဟု ကျော်ကြား၏။” လို့ ဖော်ပြ ပါရှိပါတယ်။

တကယ်တော့ ဒီပဲယင်းဟာ သမိုင်း အစဉ်အလာ ရှိတဲ့၊ သမိုင်း တန်ဖိုးကြီးတဲ့ နယ်မြေတခု ဖြစ်ပေမယ့် စစ်အာဏာရှင် တွေရဲ့ အကြမ်းဖက် ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် သွေးစွန်းခဲ့ရတဲ့ ဒေသ ဖြစ်ခဲ့ရပါတယ်။

ဒီမြို့မှာ

အံကြိတ်ရ တက်ခေါက်ရတဲ့

အဖြစ်အပျက်တွေ ရှိခဲ့တယ်…။

စိုးအောင်ဆန်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *