မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေ

မုံရွာမြို့နှင့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ အဓမ္မဖမ်းဆီးနေပြီး စျေးဆိုင်နှင့်လက်ဖက်ရည်ဆိုင်များထဲအထိ ဝင်ဖမ်း၊ ပြည်သူ ၅၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် အနီးပတ်၀န်းကျင်ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ မုံရွာမြို့ပေါ် ရပ်ကွက်အများအပြားနှင့် မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြို့ထဲက လမ်းတွေမှာ ဒီနေ့ တော်တော်ဆိုးတယ်၊စစ်ဆေးဖမ်းဆီးတာက၊ ဆိုင်တွေထဲအထိ ၀င်ဆွဲတယ်၊တောင်လက်ကလာတဲ့လူငယ်တွေဖမ်းတယ်၊ သက်ကြီးပိုင်းတွေကို ဖမ်းပြီး ပိုက်ဆံတောင်းတယ်”ဟု မုံရွာမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

မုံရွာမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က အိမ်စီးကားများ၊ ခွေးဘီလူးကားများဖြင့် လှည့်ပြီး ဖမ်းဆီးမှုများလုပ်ဆောင်ကြောင်း၊ မုံရွာမြို့ပေါ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုနှင့် ကိတ်မုန့်ဆိုင်တစ်ခုမှ လူငယ် အမျိုးသားဝန်ထမ်းများကိုလည်း စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာမြို့တောင်ဘက်အထွက် ရွှေကုန်းရပ်ကွက်နှင့် မုံရွာမြို့၏ တောင်ဘက် ကျေးရွာများကိုလည်း စစ်ကြောင်းထိုးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“မုံရွာ-အမြင့်လမ်းပိုင်းကို ပိတ်လိုက်တယ်၊ ၊ခွေးတွေ(စကစ)က တွေ့သမျှဖမ်း နေလို့ ပိတ်လိုက်တာ၊ရွှေကုန်းထဲကတွေ့သမျှဖမ်းတယ်၊တောင်လက်က အလုပ်သမားတွေလည်း မလာဘူး၊လမ်းကစောင့်ဖမ်းနေတယ်ကြားလို့”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ သိရှိထားချက်အရ မုံရွာတောင်နယ် ကျေးရွာများမှ ပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ပြည်သူများစွာ အဓ္ဓမဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးတွင် စစ်တပ်က ပြည်သူများကို တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *