Mpox ကျောက်ရောဂါ သတိပြုပါ

Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတိပြု ​​ရှောင်ကျဥ် နိုင်ရန် အမျိူးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာ​ရေးဝန်ကြီးကသြဂုတ် ၂၂ ရက်တွင်ထုတ်ပြန်​သော ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်ကို People’s Spring ကဖော်ပြ​ပေးလိုက်ပါသည်။

🔴 အဓိကအချက်များ

🦠 Mpox ကျောက်ရောဂါသည် Monkeypox ဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး Clade I နှင့် Clade II ဟူ၍ မျိုးကွဲ ၂ ခု ရှိပါသည်။

🦠 အဖြစ်များသော လက္ခဏာမှာ အရေပြားတွင် အနီစက်၊ အနီကွက်များ (၂) ပတ်မှ (၄) ပတ်ကြာသည်အထိ ဖြစ်ပွားနိုင်ပါသည်။ အနီစက်၊ အနီကွက်များ ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် ထွက်ပေါ်ပြီးနောက် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

🦠 လူလူချင်း ကူးစက်ပြန့်ပွားနိုင်ပါသည်။ အထူးသဖြင့် အနီးကပ်ထိတွေ့ခြင်းမှ ကူးစက်နိုင်ပြီး လူနာထိတွေ့ကိုင်တွယ်ထာသော အရာဝတ္ထုများနှင့် မျက်နှာပြင်မှတစ်ဆင့်လည်း လူသို့ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ရောဂါပိုးရှိသော တောရိုင်းတိရစ္ဆာန်အချို့နှင့် ထိတွေ့မိရာမှတစ်ဆင့်လည်း လူသို့ ကူးစက်စေနိုင်ပါသည်။ လူနာနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း သို့မဟုတ် နီးကပ်စွာ ထိုင်၍ အသက်ရှူခြင်းတို့မှတစ်ဆင့် ကူးစက်စေနိုင်ပါသည်။

🦠 ၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုတွင် လိင်မှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်ဖြစ်ပွားမှုမှာ အများဆုံးဖြစ်ပါသည်။

🦠 အရေပြားအနာပစ္စည်းကို PCR နည်းဖြင့် စမ်းသပ်စစ်ဆေးခြင်းအားဖြင့် ရောဂါကို ဓာတ်ခွဲအတည်ပြုနိုင်သည်။

🦠 Mpox ကျောက်ရောဂါကို ဖျားခြင်း၊ နာကျင်ကိုက်ခဲခြင်း တို့အတွက် ဆေးသောက်ခြင်း၊ အနားယူခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်း၊ စိတ်ခွန်အားပေးခြင်း စသဖြင့် လူနာကို ပြုစုကုသနိုင်သည်။ Smallpox ကျောက်ကြီးရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသဆေးများကို နိုင်ငံအချို့တွင် အသုံးပြုရန် အတည်ပြုထားပြီး အချို့အခြေအနေများတွင် mpox ကျောက်ရောဂါအတွက်လည်း အသုံးပြုနိုင်သည်။

🦠 ၂၀၂၂ – ၂၀၂၃ ကမ္ဘာလုံးဆိုင်ရာ mpox ကပ်ရောဂါဖြစ်ပွားမှုတွင် ဖြစ်ပွားစေသော အဓိကရောဂါမျိုးကွဲမှာ Clade IIb ဖြစ်သည်။

🦠 Mpox ကျောက်ရောဂါကို လူနာနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှောင်ကြဉ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါသည်။ ရောဂါကူးစက်နိုင်ခြေ ရှိသူများကို ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့်လည်း ကာကွယ်နိုင်ပါသည်။

🦠 နိုင်ငံအများတွင် ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားခဲ့သည့် Mpox ကျောက်ရောဂါသည် ယခင်က မဖြစ်ပွားခဲ့ဖူးသည့် နိုင်ငံအများစုတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားမှုများ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် Mpox ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်ပြဿနာ (Public Health Emergency of International Concern – PHEIC) အဖြစ် ကြေညာခဲ့ပါသည်။

🦠 ကမ္ဘာတဝန်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုများ ရေရှည်လျော့ကျခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလတွင် PHEIC အဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါသည်။

🦠 ကွန်ဂိုနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် Mpox ကျောက်ရောဂါ ဖြစ်ပွားကူးစက်မှုများ သိသိသာသာ မြင့်မားလာပြီးနောက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်များ (၂၀၀၅) (International Health Regulations 2005 – IHR) အရ Mpox ကျောက်ရောဂါကို PHEIC အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ထပ်မံသတ်မှတ်ကြေညာခဲ့ပါသည်။

🦠 ကွန်ဂိုနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း Mpox ကျောက်ရောဂါဖြစ်ပွားမှု သတင်းပို့မှုများရှိခဲ့ပြီး နှစ်စဉ် သတင်းပို့မှု ပုံမှန်တိုးလာပါသည်။ ပြီးခဲ့သောနှစ်တွင် သတင်းပို့မှုများ သိသိသာသာ တိုးပွားလာပြီး ယခုနှစ်အတွက် လူနာအရေအတွက်မှာ ပြီးခဲ့သောနှစ်က စုစုပေါင်းထက် ကျော်လွန်လာပါသည်။ လူနာပေါင်း ၁၅,၆၀၀ အနက် ၅၃၇ ဦး သေဆုံးခဲ့ပါသည်။

🦠 ကွန်ဂိုနိုင်ငံတွင် ပြီးခဲ့သောနှစ်အတွင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် Clade 1b ကူးစက်ပျံ့နှံ့မှုများသည် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုများအတွင်း အဓိကအားဖြင့် တိုးပွားလာပြီးနောက် ကွန်ဂိုနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ပြန့်ပွားလာပါသည်။ အဆိုပါအချက်သည် PHEIC ကြေညာရခြင်း၏ အဓိကအကြောင်းရင်းများအနက် အကြောင်းတစ်ချက်လည်း ဖြစ်ပါသည်။

🦠 ၂၀၂၂ ခုနှစ်တွင် Clade II mpox ကျောက်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားလေ့မရှိသော နိုင်ငံပေါင်း (၁၁၅) နိုင်ငံတွင် လူနာပေါင်း ၉၅,၀၀၀ နှင့်အထက်ဖြစ်ပွားခဲ့ပါသည်။ Clade I mpox သည် ပြင်းထန်သည့် ကူးစက်မှုများစွာကို ဖြစ်ပွားစေပြီး Clade II ထက် သေဆုံးမှုနှုန်း ပိုများစေခဲ့ပါသည်။ Clade I mpox နှင့်ပတ်သက်သည့် ဆေးပညာဆိုင်ရာ သက်သေအချက်အလက်များကို ကွန်ဂိုနိုင်ငံမှ လူနာများကို အခြေခံ၍ အဓိကရယူထားခြင်းဖြစ်ပါသည်။

🦠 ၁၉၇၀ ခုနှစ်ကတည်းက Monkeypox (မျောက်ကျောက်ရောဂါ) ဟု ခေါ်ဆိုခဲ့သည့် ရောဂါအမည်ကို ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် ကပ်ရောဂါအသွင်ကူးစက်မှုများ ဖြစ်ပွားလာသည့်အခါ လူမျိုးရေးခွဲခြားမှုများ၊ ခွဲခြားဆက်ဆံမှုများတွင် အသုံးပြုမှုများ တွေ့ရှိလာရပြီးနောက် “mpox” (Mpox ကျောက်ရောဂါ) အဖြစ် အမည် ပြောင်းလဲခေါ်ဆိုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ Monkeypox နှင့် Mpox အမည် (၂) မျိုးစလုံးကို တစ်နှစ်တာ တစ်ပြိုင်နက်တည်း ဆက်လက်သုံးစွဲရန် သတ်မှတ်ခဲ့ပြီး တစ်နှစ်ပြည့်သည့် (၂၈-၁၁-၂၀၂၃) ခုနှစ်မှစ၍ “mpox” ဟူသည့် အမည်တစ်မျိုးတည်းကိုသာ အစားထိုး၍ ဆက်လက်သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ခဲ့ပါသည်။
————————–

🔴 ရောဂါလက္ခဏာများ

Mpox ကျောက်ရောဂါ လက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး တစ်ပတ်အတွင်း စတင်ပေါ်ပေါက်လေ့ရှိသော်လည်း ၁ ရက်မှ ၂၁ ရက်အကြာတွင်လည်း စတင်ပေါ်ပေါက်နိုင်ပါသည်။

Mpox ကျောက်ရောဂါတွင် ရောဂါလက္ခဏာများစွာ ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့သူများတွင် မပြင်းထန်သော လက္ခဏာများ ပေါ်ပေါက်ပြီး အချို့သူများတွင် ပြင်းထန်လက္ခဏာများ ဖြစ်ပွားနိုင်ပြီး ဆေးရုံတက် ကုသရန်လိုအပ်နိုင်ပါသည်။

အဖြစ်များသော လက္ခဏာမှာ အရေပြားတွင် အနီစက်၊ အနီကွက်များ (၂) ပတ်မှ (၄) ပတ်ကြာသည်အထိ ဖြစ်ပွားနိုင်ပါသည်။ အနီစက်၊ အနီကွက်များ ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် ထွက်ပေါ်ပြီးနောက် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

အနီစက်၊ အနီကွက်များသည် အရည်ကြည်ဖု သို့မဟုတ် အနာများနှင့် ဆင်တူပြီး မျက်နှာ၊ လက်ဖဝါးများ၊ ခြေချောင်းအောက်ဘက်များ၊ ပေါင်ခြံ၊ လိင်အင်္ဂါနှင့်/ သို့မဟုတ် စအိုနေရာများတွင် ဖြစ်ပွားနိုင်ပါသည်။ ပါးစပ်၊ လည်ချောင်း၊ စအို၊ အစာဟောင်းအိမ် သို့မဟုတ် မိန်းမကိုယ် သို့မဟုတ် မျက်လုံးများတွင်လည်း တွေ့ရှိနိုင်ပါသည်။ အနာများသည် တစ်ခုမှသည် ထောင်ချီသည်အထိ ဖြစ်ပွားနိုင်ပါသည်။

အချို့သူများတွင် အစာဟောင်းအိမ်အတွင်း ရောင်ရမ်းခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်းနှင့် လိင်အင်္ဂါများ ရောင်ရမ်းခြင်းကြောင့် ဆီးသွားရခက်ခဲခြင်းတို့ ခံစားရနိုင်ပါသည်။

အများစုမှာ ပြုစုကုသခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာများ ၎င်းတို့ဘာသာ သက်သာနိုင်ပြီး အချို့သူများတွင် ပြင်းထန်ခြင်း သို့မဟုတ် နောက်ဆက်တွဲရောဂါများ ခံစားရခြင်းနှင့် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

အထူးသဖြင့် မွေးကင်းစကလေးများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ကောင်းစွာ ကုသမှု မခံယူသော HIV ကဲ့သို့ ကိုယ်ခံအားကျဆင်းသည့် ရောဂါအခံရှိသူများတွင် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မားနိုင်ပါသည်။ ပြင်းထန်သူများတွင် အနာများ နေရာအနှံ့ဖြစ်ပွားခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း အစရှိသည်တို့ ဖြစ်ပွားနိုင်ပါသည်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာများအဖြစ် အရေပြားအနာများမှတစ်ဆင့် ပြင်းထန်စွာ ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် မျက်စိပြဿနာများ ဖြစ်ပွားနိုင်ပါသည်။

ရောဂါပြင်းထန်သူများကို ဆေးရုံတက်ကုသခြင်း၊ လိုအပ်သော ပြုစုကုသမှုများပေးခြင်းနှင့် ဗိုင်းရပ်စ်ကုဆေးများ ပေးခြင်းဖြင့် အနာများ၏ ပြင်းထန်မှုကို လျှော့ချနိုင်ပြီး ပြန်လည်သက်သာစေရန် အချိန်ကို မြန်စေနိုင်သည်။

အချက်အလက်များအရ ရောဂါကူးစက်ခံရသူများတွင် ၀.၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား သေဆုံးနိုင်ပါသည်။
————————–

🔴 လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပုံ

Mpox ကျောက်ရောဂါသည် လူနာနှင့် အနီးကပ်ထိတွေ့ရာမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေနိုင်ပါသည်။

အနီးကပ်ထိတွေ့သည်ဆိုရာတွင် အရေပြားမှ အရေပြား (ထိတွေ့ခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်း)၊ ပါးစပ်မှ ပါးစပ်၊ ပါးစပ်မှ အရေပြား (နမ်းခြင်း)၊ လူနာနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း သို့မဟုတ် နီးကပ်စွာ ထိုင်၍ အသက်ရှူခြင်းတို့မှတစ်ဆင့် ကူးစက်စေနိုင်ပါသည်။

၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုတွင် လိင်မှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်ဖြစ်ပွားမှုမှာ အများဆုံးဖြစ်ပါသည်။ သုတေသနပြုလေ့လာမှုများ ပိုမိုလိုအပ်နေပါသေးသည်။

လူနာတွင် အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ မတိုင်မီ အခြားသူသို့ ကူးစက်စေနိုင်ပါသည်။ အနာများ ကျက်ရန်အချိန်မှာ ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်နိုင်ပါသည်။

လူနာ ထိတွေ့ကိုင်တွယ်ထားသည့် အရာဝတ္ထုပစ္စည်းများနှင့် မျက်နှာပြင်များကို ထိတွေ့ကိုင်တွယ်မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ သို့မဟုတ် တက်တူးထိုးသည့်လုပ်ငန်းတွင် ချွန်ထက်သော အရာများကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှတစ်ဆင့်လည်း ကူးစကစေနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားသို့ သို့မဟုတ် မီးဖွားစဉ် သို့မဟုတ် မီးဖွားပြီးနောက် အရေပြားမှ အရေပြားသို့ ထိတွေ့ခြင်း၊ မိခင်မှ ကလေးအား အနီးကပ်ထိတွေ့ခြင်းတို့မှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာ မပြသူများမှတစ်ဆင့် ကူးစက်ခြင်း ရှိမရှိနှင့် သုတ်ရည်၊ မိန်းမကိုယ် အရည်၊ သန္ဓေသားလောင်း အရည်၊ မိခင်နို့နှင့် သွေးတို့မှတစ်ဆင့် ကူးစက်ခြင်း ရှိမရှိ လေ့လာနေကြဆဲဖြစ်ပါသည်။

ရောဂါကူးစက်ခံထားသော တိရစ္ဆာန်များ ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းတို့မှတစ်ဆင့် သို့မဟုတ် အမဲလိုက်ခြင်း၊ အရေခွံခွာခြင်း၊ ထောက်ချောက်ဆင်ခြင်း၊ ချက်ပြုတ်ခြင်း၊ အသေကောင်များကို ကိုင်တွယ်ခြင်းနှင့် တိရစ္ဆာန်များကို စားသောက်ခြင်းတို့မှတစ်ဆင့်လည်း တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်စေနိုင်သည်။
————————–

🔴 မည်သို့ ကာကွယ်မည်နည်း

✅ လူနာနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

✅ လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။

✅ မိမိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ တစ်ဦးတည်း သီးသန့်ခွဲခြား၍ နေထိုင်ပါ။

✅ လူနာအနားတွင် အခြားသူများရှိပါက အနာများကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။

✅ ဘေးတွင် အခြားသူများ မရှိပါက အနာကို ခြောက်သွေ့အောင်ထားပါ၊ ဖုံးအုပ် မထားရပါ။

✅ လူနာအနေဖြင့် အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ခြင်းမှ တတ်နိုင်သမျှလျှော့ချပါ။

✅ အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များ၊ အခန်းနေရာများကို မကြာခဏ ပိုးသတ်သန့်စင်ပါ။

✅ ပါးစပ်ထဲက အနာများအတွက် ဆားငန်ရည်ဖြင့် ပလုပ်ကျင်းပါ။

✅ အကိုက်အခဲသက်သာစေရန် ပါရာစီတမော သို့မဟုတ် အိုက်ဗျူပရိုဖန် ကဲ့သို့ အကိုက်အခဲပျောက်ဆေးများကို သောက်သုံးနိုင်ပါသည်။

✅ Sitz ရေချိုးခြင်း သို့မဟုတ် မုန့်ဖုတ်ဆိုဒါ သို့မဟုတ် Epsom ဆားများဖြင့် ရေနွေးနွေးအသုံးပြု၍ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်အနာများကို သက်သာစေပါသည်။

✅ လိင်ဆက်ဆံပါက ရောဂါသက်သာအပြီး ၃ လကြာသည်အထိ ကွန်ဒုံးကို သတိကပ်၍ အသုံးပြုပါ။

✅ တိရစ္ဆာန် အသားများကို မစားသုံးမီ သေချာစွာ ချက်ပြုတ်ပါ။

✅ အာဖရိကနိုင်ငံများကဲ့သို့ တိရစ္ဆာန်များတွင် monkeypox ဗိုင်းရပ်စ်ပိုး တွေ့ရှိရသည့် နိုင်ငံများ၌ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ (အထူးသဖြင့် နာမကျန်းဖြစ်နေသော သို့မဟုတ် သေဆုံးသော တိရစ္ဆာန်များနှင့် ၎င်းတို့၏ အသားနှင့် သွေးများ)

✅ အရည်ကြည်ဖုအနာများကို ပေါက်စေခြင်း သို့မဟုတ် ကုတ်ခြစ်ခြင်းဖြင့် အနာကျက်မှုကို ကြာစေပြီး အနီစက်၊ အနီကွက်များသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့စေနိုင်ပါသည်။ အခြားသူများကိုလည်း ကူးစက်စေနိုင်ပါသည်။

✅ အနာဖေးများ ကျက်ပြီး အောက်ခြေတွင် အရေပြားသစ်များ မပေါ်ပေါက်မီ အနာရှိသည့်နေရာများကို အမွေးရိတ်ခြင်းသည် ခန္ဓာကိုယ်၏ အခြားနေရာများကို အနီစက်၊ အနီကွက်များ ပျံ့နှံ့စေနိုင်ပါသည်။
————————–

🔴 Mpox ကျောက်ရောဂါ လက္ခဏာများ ဖြစ်ပွားသည်ဟု သံသယရှိပါက

👉 မိမိအိမ်တွင် သီးခြားနေထိုင်ပါ။

👉 အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာပါ။

👉 NUG ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသော “တယ်လီကျန်းမာ” အခမဲ့အွန်လိုင်းဆေးခန်း သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းတွင် တိုင်ပင်ဆွေးနွေးပါ။

ကိုးကား-

1) https://www. who. int/news/item/14-08-2024-who-director-general-declares-mpox-outbreak-a-public-health-emergency-of-international-concern

2) https://www. who. int/news/item/28-11-2022-who-recommends-new-name-for-monkeypox-disease

3) https://www. who. int/news-room/questions-and-answers/item/mpox

4) https://www. who. int/news-room/fact-sheets/detail/monkeypox

5) https://www. who. int/publications/m/item/multi-country-outbreak-of-mpox–external-situation-report-35–12-august-2024

6) https://www. hhs. gov/about/news/2024/08/14/united-states-governments-response-clade-i-mpox-outbreak-democratic-republic-congo-other-countries-region.html

Infographic – MOH/NUG


Comments

Leave a Reply

Your email address will not be published. Required fields are marked *