မိုးကုတ်မြို့ကို TNLA က လတ်တလော အုပ်ချုပ်ပြီး ၂၀၂၅ မှာ ကြားကာလ အစိုးရ TNLA နဲ့ အရပ်သား ပူးတွဲ အုပ်ချုပ်မှု ဖြစ်အောင် လုပ်မယ်လို့ TNLA ပြော

အဖွဲ့ဝင်(၁၃)ဦးပါ စီမံအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းပြီး မိုးကုတ်မြို့ကို စီမံအုပ်ချုပ်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လတ်တလောမှာ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – PSLF/TNLA က စီမံအုပ်ချုပ်မှာ ဖြစ်ပြီး လာမယ့်နှစ် ၂၀၂၅ မှာ ကြားကာလ တော်လှန်ရေး အစိုးရ၊ PSLF/TNLA နဲ့ အရပ်သားတွေ ပူးပေါင်းပြီး ပူးတွဲ စီမံအုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်ဖို့ ကြိုးပမ်းမယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အတွင်း TNLA က သိမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့တွေကို သြဂုတ်လ (၁၅)ရက်ကနေ (၁၈)ရက်အထိ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ ဗဟို အထွေထွေ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ အဖွဲ့ သွားရောက်ကာ ကွင်းဆင်း လေ့လာခဲ့ပြီး သြဂုတ်လ (၁၈) ရက်က မိုးကုတ်မြို့နယ်ခံ ပြည်သူတွေနဲ့ တွေ့ဆုံချိန် ဗိုလ်ချုပ် တာဘုန်းကျော်က အထက်ပါအတိုင်း ပြောကြားတာလို့ TNLA က ထုတ်ပြန်ပါတယ်။

“လက်တလော ကာလအတွက် (မိုးကုတ်မြို့) အုပ်ချုပ်ရေး လုပ်ငန်းများကို PSLF/TNLAမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေး အစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေး လုပ်ငန်း ပူးတွဲ စီမံ အုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်း သွားမည်ဟု လည်း ဗိုလ်ချုပ် တားဘုန်းကျော်က ပြောခဲ့သည်” လို့ TNLA က ဖော်ပြပါတယ်။

မိုးကုတ်မြို့နယ်က မိဘပြည်သူတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ် တားဘုန်းကျော်က တော်လှန်ရေး ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းရဲ့ မူပေါ်လစီကို ရှင်းလင်း တင်ပြပြီး မြို့တွင်း စည်ပင်သာယာရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မည့်အကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်။

“မိုးကုတ်မြို့နယ်၌ တစ်နိုင်တပိုင် အသေးစား ကျောက်ရှာဖွေရေး လုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူ နိုင်ရေး တို့ကိုလည်း အဆင်ပြေ ချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ် တာဘုန်းကျော်မှ ပြောခဲ့သည်။ ဗဟို အထွေထွေ အုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်က မြို့တွင်း အုပ်ချုပ်ရေး ယန္တရား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာနများနှင့် ပူးပေါင်း ပါဝင်ကြရန် တွေ့ဆုံပွဲ၌ တက်ရောက် လာသည့် မြို့မိမြို့ဖများအား တိုက်တွန်းပြောဆိုသည်” လို့ TNLA က ဖော်ပြပါတယ်။

ကမ္ဘာကျော် ပတ္တမြား အပါအဝင် တန်ဘိုးကြီး ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိတဲ့ မန္တလေးတိုင်း အထက်ပိုင်း၊ ရှမ်းမြောက်ဒေသနဲ့ ထိစပ်နေတဲ့ မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်လ(၂၄)ရက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဖွဲ့ဝင် (၁၃)ဦးပါ မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက MFP ကို ပြောပါတယ်။

“ဒီကော်မတီကိုတော့ ကျွန်မတို့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက စတင် ဖွဲ့စည်းတာ ဖြစ်ပါတယ်၊ အဓိကတော့ မြို့အတွင်းမှာ လိုအပ်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေ ရှိစေဖို့ ကျွန်မတို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။

မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကော်မတီကို ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကျန်းမာရေးဆိုပြီး ကဏ္ဍ လေးခု ခွဲကာ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

“ကော်မတီဝင် အနေနဲ့ကျတော့ ကျွန်မတို့ PSLF/TNLA ပါမယ်၊ ပြီးရင် ပူးတွဲအနေနဲ့ မိုးကုတ်ဗျူဟာတွေ ပါရှိမယ်၊ နောက်ပြီးတော့ ရပ်မိရပ်ဖတွေလည်း ကျွန်မတို့ ဒီကော်မတီမှာ ပါဝင်စေခဲ့တာ ဖြစ်ပါတယ်”

လက်ရှိမှာ မြို့စီမံအုပ်ချုပ်ရေး ကော်မတီက လုပ်ငန်းတွေ စတင် လည်ပတ်နေပြီလို့ လွေးယေဦးက ပြောပါတယ်။

“ကော်မတီတွေ ဖွဲ့စည်းပြီးတော့မှ ဒီ မြို့တွင်းမှာ လိုအပ်တဲ့ အုပ်ချုပ်ရေးယန္တရား ကိစ္စတွေ အကောင်အထည်ဖော် ဆောင်ရွက် နေပါပြီ။ ဒီ အုပ်ချုပ်ရေးမက အခြားလိုအပ်တဲ့ အထူးသဖြင့် ဒီ ကျန်းမာရေးဆိုလည်း ကျန်းမာရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကျွန်မတို့ စီစဉ်ဆောင်ရွက်နေတယ်၊ အခြားသော လုပ်ငန်းတွေလည်း အဲ့လိုပဲ လည်ပတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အနေထားဖြစ်ပါတယ်”

မိုးကုတ်မြို့ကို မူးယစ်ဆေးဝါး ကင်းစင်နယ်မြေ ဖြစ်စေရေး၊ အများပြည်သူ အေးချမ်းစွာ နေထိုင်စေရေး၊ ခိုးဆိုးလုယက် မရှိစေရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ငန်းစဥ်တစ်ရပ် အနေနဲ့ လုပ်ဆောင် နေတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

လက်ရှိ မိုးကုတ်မြို့တွင်း ပုံမှန်အတိုင်း လည်ပတ်လှုပ်ရှားနေပြီ ဖြစ်ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်သလို မိုးကုတ်မြို့ဘက် ကုန်စည်စီးဆင်းမှုတွေကို စစ်အုပ်စုက ရသလောက် ပိတ်ဆို့ ဖြတ်တောက်ထားလို့ မိုးကုတ်မြို့မှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေဆဲလို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ မြို့ခံလူထုနဲ့ တွေ့ဆုံနေတဲ့ TNLA တာဝန်ရှိသူတွေ၊ TNLA ရဲ့ အုပ်ချုပ်မှုအောက် ပုံမှန် လည်ပတ်နေတဲ့ မိုးကုတ်မြို့/Photo – TNLA


Comments

Leave a Reply

Your email address will not be published. Required fields are marked *