နောင်ချို တောင်ခမ်းကျေးရွာက အမြောက်တပ် နှစ်ခုကို TNLAသိမ်းပိုက်

အမြောက်တပ် ၉၀၂နဲ့ ၃၄၅ စတဲ့ စစ်စခန်းတွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာက အမြောက်တပ် နှစ်ခုကို တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် – TNLAက မနေ့က အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

“နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း နှစ်ခု ဖြစ်သည့် အမတ (၄၀၆) နှင့် အမ တ (၂၀၆) တို့ကို သြဂုတ်လ (၂၈)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည် ” လို့ TNLA က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၉ရက် ဒီနေ့မှာလည်း ကျန်ရှိနေတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာမှာရှိ စစ်အုပ်စုရဲ့ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် အမှတ် (၃၅၄) အမြောက် တပ်ရင်း တပ်စခန်းအနီးတဝိုက် နဲ့ မကျီးရေ ရွာဘုန်းကြီးကျောင်းတို့မှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်အုပ်စုတို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းရွာက စစ်အုပ်စုရဲ့ (၉၀၂) တပ်စခန်းကို စစ်အုပ်စုတပ်က Y12 လေယာဉ်နဲ့သုံးကြိမ် ၊ ဗုံး (၁၅၀) လုံး၊ တောင်ရွှေရွာကို Jet Fighter နဲ့ တစ်ကြိမ် ၊ သကြားစက်ရုံကို နှစ်ကြိမ် လာရောက်ဗုံးကြဲ တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည် တောင်ပိုင်းကနေ ရှမ်းမြောက်ဒေသကို စစ်ကူပို့တဲ့ စစ်အုပ်စုတွေ တောင်ခမ်းရွာကို ရောက်လာလို့ ဩဂုတ် လ(၂၀)ရက်က စပြီး လက်ရှိအချိန်ထိ တောင်ခမ်းရွာမှာ တိုက်ပွဲ ဖြစ်နေတာလို့ TNLA က အသိပေး ထားပါတယ်။

တောင်ခမ်းရွာ အမြောက်တပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက နောက်ဆုံးလက်ကျန် စစ်စခန်း ဖြစ်သလို စစ်အုပ်စုက အဲဒီစခန်းတွေ မကျရေး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ အသည်းအသန် ခုခံနေတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *