“အံ့ပါရဲ့အေ၊ အံ့ပါရဲ့။ သားပစ်၊ မယားပစ်၊ အိုးပစ်၊ အိမ်ပစ်နဲ့။ မိနွယ်ရေ ညည်းတော့ ကတော်တော့ ကတော်ပဲ သူပုန်ကတော်ဖြစ်တာ” ဟဲ့။
ဖေဖေ့အမျိုးတွေ ထိုသို့ပြောလာတိုင်း မေးကြောတွေထောင်လာတဲ့အထိ အံကြိတ်ထားရုံမှလွဲပြီး မေမေဘာမှပြန်မပြော။
ဖေဖေ့အမျိုးတွေ ဖေဖေ့အကြောင်း ပြောတဲ့နေ့ဆိုရင် ညအိပ်ရာဝင်တိုင်း မေမေငိုပါလေရော။ မေမေငိုတိုင်း သားသားရင်ထဲမှာလည်း ဝမ်းနည်းသလိုလို ဖေဖေ့ကို သတိရသလိုလို။
ဖေဖေ အိမ်ကထွက်မသွားခင်တုန်းက သားသားတို့အိမ်ဟာ အခုလိုမဟုတ်။ သားသားလည်း ထမင်းကြမ်းပဲ မစားရ။ မနက်စောစော သားအဖနှစ်ယောက် လမ်းလျှောက်၊ သွေးပူလေ့ကျင်းခန်းလုပ်၊ အကြောလျှော့။ ပြီးတာနဲ့ ဖေဖေ့ဂုတ်ပေါ်ထိုင်လိုက်ပြီး လက်ဘက်ရည်ဆိုင်ကို သွားရတာ ပျော်စရာကောင်းတယ်။ စနေ၊ တနင်္ဂနွေညတွေဆို ရွာထဲက လက်ဘက်ရည်ဆိုင်မှာ ဖေဖေနဲ့ ဘောပွဲလိုက်ကြည့်ရတယ်။ အာဆင်နယ်အသင်း ကန်တဲ့ပွဲဆိုရင် ဘယ်ချိန်ဖြစ်ဖြစ် သားသားကိုနှိုးပြီး မေမေမသိအောင် အိမ်ကခိုးထွက်ကြတယ်။ မနက် ပြန်လာလို့ မေမေဆူတယ်။ အဲဒီအခါကျရင် “နွယ်ရယ် စိတ်မဆိုးပါနဲ့၊ မင်းသမီးတွေထက် လှနေတဲ့ နွယ်မျက်နှာလေး ရုပ်ဆိုးသွားလိမ့်မယ်” လို့ ဖေဖေ ပြောလေ့ရှိတယ်။ မေမေက မျက်စောင်းလှလှထိုးရင်း
“မောင်ပဲအပြောကောင်း” လို့ ပြုံးပြီးပြန်ပြောရော။
အခုတော့ ဖေဖေ့အသံမကြားရသလို မေမေ့ အပြုံးကိုလည်း မမြင်ရတာကြာပြီ။
တစ်ညပေါ့ သားသားက အိပ်ရာနိုးနေတာ။ မေမေက ဖုန်းကြည့်ရင်းငိုနေတာ။ မအောင့်နိုင်တော့လို့ “မေမေ ဘာလို့ငိုတာလဲ” လို့ ပြောလိုက်တော့ မျက်ရည်တွေ ကမန်းကတန်းသုတ်ပြီး မေမေက သားသားကို ဖက်ထားတယ်။ ဒါနဲ့ မေမေ့ကို “ဖေဖေမြန်မြန်ပြန်လာရင် ကောင်းမယ်။ အဲဒါမှ ဖေဖေ့အမျိုးတွေ မေ့မေ့ကို အနှိမ်ရပ်မှာ။ မေမေလည်း မငိုရတော့မှာ” လို့ ပြောတော့။ “တစ်နေ့နေ့ပေါ့သားရယ်။ လူဆိုးတွေ ကုန်သွားတဲ့တစ်နေ့ပေါ့” တဲ့။ “ဖေဖေက လူဆိုးတွေသွားဖမ်းနေတာလား။ လူဆိုးတွေကရော ဘယ်နေ့ကုန်မှာလဲ” လို့ မေးချင်ပေမဲ့ မေမေထပ်ငိုမှာစိုးလို့ မမေးတော့ပါဘူး။
ဖေဖေထွက်သွားတာ သုံးလလောက်ကြာတော့ ကျောင်းဖွင့်တဲ့ရာသီရောက်ပါရော။ အဲဒီနေ့က သားသားတို့ ကျောင်းအုပ်ဆရာမကြီးရယ်၊ ရွာထဲကလူကြီးတွေရယ် အိမ်ကိုလာကြတယ်။ ဆရာမကြီးက “ဟဲ့ မိနွယ် ငဘုဏ်းလည်း သူ့ယုံကြည်ရာ သူရွေးချယ်သွားပြီ။ ကလေးတော့ ကျောင်းထားပါအေ။ ညည်းလည်း ငါ့တပည့်၊ ညည်းလင်လည်း ငါ့တပည့်၊ ကလေးတော့ ပညာရေးမနှောင့်နှေးပါစေနဲ့အေ” တဲ့။ မေမေကတော့ ဘာမှပြန်မပြော။ နှုတ်ဆိတ်ငြိမ်သက်လျက်။
သားသားကိုလည်း ဆရာမကြီးက “သား ကျောင်းလာတက်နော်။ သူငယ်ချင်းတွေလည်း တက်ကြမှာ” တဲ့။ ပြောတော့ ဖေဖေ သားသားကိုပြောနေကျ စကားအတိုင်း “ဆရာမကြီးရယ် မှားတာကို မှားတယ်လို့ ရဲရဲဝံ့ဝံ့ မပြောရဲတဲ့သူတွေဆီမှာ ကျောင်းတက်တော့ရော တရားမျှတမှုရပါ့မလား။ မတရားတဲ့အမိန့်တွေကို မတရားဘူးပြောနိုင်တဲ့နေ့မှ ကျွန်မ သားလေးကို ကျောင်းပြန်တက်ခိုင်းပါတော့မယ်။”
မေမေက အဲဒီလို တစ်လုံးချင်းပြောတော့ ဆရာမကြီးက “မိနွယ်ရယ် ညည်းလည်း ညည်းလင်လိုပဲ။ ခေါင်းမာလိုက်တာ၊။ ခက်တယ်အေ ခက်တယ်” တဲ့။
ဟိုတစ်နေ့ကတော့ မေမေမငိုဘူး။ ရဲကြီးတွေကို အသံမာမာနဲ့ ပြန်ပြောတဲ့နေ့ကပေါ့။ အဲဒီနေ့က အဲဒီရဲကြီးတွေနဲ့ ရွာထဲကလူကြီးတွေ အိမ်ကိုရောက်လာကြတာ။ မေမေ့ကိုမြင်တိုင်း “သူပုန်ကတော်” လို့ စပ်ဖြီးဖြီးခေါ်တတ်တဲ့လူကြီးရော။
သားသားကို “အဲဒီကောင် သူပုန့်သား ကြီးလာရင် သူ့အဖေလို သူပုန်ဖြစ်မယ့်ကောင်” လို့ ပြောတဲ့လူကြီးရော ပါလာကြတယ်လေ။
အဲဒီနေ့ သားသားကအိမ်နောက်ဘက်မှာ ဆော့နေတာ။
မေမေက “ဘာပဲဖြစ်ဖြစ်ထွက်မလာနဲ့” တဲ့။ ရဲကြီးတွေနဲ့ မေမေ့ရဲ့စကားသံတွေကို သားသား ခိုးနားထောင်ရတာ။
“ဒီအလောင်းဓာတ်ပုံက နင့်ယောင်္ကျားလား။ သေချာကြည့်။ ကြည့်ရောကြည့်ရဲရဲ့လား။”
“ကျွန်မယောကျ်ားကို ကျွန်မ မကြည့်ရဲစရာ ဘာအကြောင်းမှမရှိဘူး။”
မေမေ့အသံကလည်း မာလိုက်တာ။ တစ်ခါမှ မေမေ အဲဒီလိုပြောတဲ့အသံ သားသား မကြားဖူးဘူး။
“မေးတာကို ကောင်းကောင်းဖြေပါ။ နင့်ယောင်္ကျားက အစိုးရကို ပုန်ကန်တာ။ သူပုန်ဗျ။ နားလည်လား။”
“သူမှန်တယ်ထင်ရာ သူလုပ်တာ။ ကျွန်မ ဘယ်တတ်နိုင်မလဲ။ အစိုးရကောင်းရင် သူပုန်ဆိုတာ မရှိဘူးလို့ ကျွန်မယောက်ျားတော့ပြောဖူးတာပဲ။”
“ဒါနဲ့ သူ့အလောင်းပြန်ရမှာလား။ သင်္ဂြိုလ်ပြီးခဲ့ပြီလား။”
“သူပုန်ကို ဘယ်သူက သင်္ဂြိုလ်ပေးမှာလဲ။ နင်တို့ အဖမ်းမခံရတာပဲ ကံကောင်းတယ်မှတ်ဦး။”
“ဪ ဟုတ်ကဲ့။ အခုလို ကျွန်မတို့ကို ကံကောင်းတယ်လို့ အိမ်တိုင်ရာရောက်
လာအသိပေးတဲ့အတွက် ကျေးဇူးအထူးပါရှင့်။”
“ဟဲ့ မိနွယ်.. တော်တော့။ ဒီကဆရာတို့ကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ ကျွန်တော့်ညီ လုပ်တဲ့ကိစ္စလည်း သူအသက်နဲ့ပေးဆက်ခဲ့ရပြီ။ သူတို့သားအမိလည်း ဒီရွာမှာ ကောင်းရောင်းကောင်းဝယ် လုပ်စားနေကြတာပါဗျာ။ သူတို့သားအမိအတွက် ကျွန်တော်တာဝန်ယူပါတယ်” ဆိုပြီး ဘဘထွန်းက ဝင်ပြောပေးလို့ပြီးသွားတယ်။
အဲဒီနေ့က မေမေမငိုဘူး။ ဘဘထွန်းက ငိုတာ။ ငိုတာမှ ရှိုက်ကြီးတငင်နဲ့ကို။ “ညီလေးရေ … အမှောင်ခေတ်မှာ အလင်းပျိုးချင်တဲ့ကောင်၊ ခုတော့ မင်းကိုယ်တိုင် လောင်ကျွမ်းခံခဲ့ရပြီပေါ့”
လို့ ပြောပြီးငိုနေတာ။ မေမေကတော့ သားသားကို ကျစ်ကျစ်ပါအောင်
ဖက်ထားပြီး အံကိုတင်းတင်းကြိတ်လို့ “လူဆိုးတွေကုန်တဲ့တစ်နေ့” လို့ တဖွဖွရွတ်နေတော့တာ။
တကယ်တော့ သားသားလည်း ဖေဖေ့ကိုလွမ်းတယ်။ မနက်တိုင်း ဖေဖေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်းအတူတူလုပ်ရတာ၊ ဖေဖေ ဘောကန်သင်ပေးခဲ့တာ၊ ဖေဖေ့ ပုခုံးပေါ်ကနေ လက်ဘက်ရည်ဆိုင်လိုက်ခဲ့ရတာ။ ဖေဖေမြန်မြန်ပြန်လာရင် သိပ်ကောင်းမှာပဲ။
တစ်ရက်သား မေ့မေ့ဖုန်းနဲ့ ဂိမ်းယူဆော့ရင်း ဖုန်းမက်ဆေ့မှာ မောင်လို့မှတ်ထားတဲ့ ဖေဖေ့ဖုန်းနံပါတ်ကိုတွေ့လို့ ဝင်ဖတ်ကြည့်မိတော့။
“နွယ်ရေ
မောင့်ကိုခွင့်လွှတ်ပါ။
ပြန်လာမယ်မသေချာတဲ့ခရီးကိုထွက်ခဲ့တာမလို့ နှောင်ကြိုးတွေဖြတ်ခဲ့ရတာပါ။
မိသားစုအပေါ် မောင်တာဝန်မကျေခဲ့ပေမဲ့ တိုင်းပြည်အနာဂတ်အတွက် ခရီးထွက်ခဲ့ရကြောင်း သားလေးကို ပြောပြပေးပါ။
တိုက်ဆိုင်မှုရှိတိုင်း မောင့်ကိုသတိရပေးပါ။
ချစ်တဲ့ မောင်” တဲ့။
ဖေဖေလည်း မြန်မြန်ပြန်လာပါတော့။ လူဆိုးတွေလည်း မြန်မြန်ကုန်ပါတော့။ ဖေဖေပြန်လာမှ သားသားလည်း အာဆင်နယ်ပွဲ ကြည့်ရမှာ။ မေမေ့ကိုလည်း လှလှပပလေး ပြန်တွေ့ရမှာ။
ပြီးတော့
မေမေ့ကိုမျက်ရည်တွေနဲ့ သားသားမမြင်ချင်တော့ဘူးလေ။
🖋မင်းဘုဏ်းလူ(505)
Leave a Reply