ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းလုံခြုံရေးတာဝန်ယူရန် လူအယောက် ၇ဝ စာရင်းတောင်း

သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းလုံခြုံရေးတာဝန်ယူရန် လူအယောက် ၇ဝ စာရင်းတောင်း

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ ​စာရင်းတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

မြို့၊ ရွာ၊ ရပ်ကွက် လုံခြုံရေးတာဝန်ယူရန်ဟုအကြောင်းပြကာ အသက် ၃၅နှစ်မှစတင်၍ ၆၅နှစ်အတွင်း ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီက စာရင်းတောင်းယူနေခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“အသက် ၃၅ ကနေ ၆၅နှစ်အတွင်းရှိတဲ့ လူအယောက် ၇၀ ဆိုပြီး စာရင်းတွေတောင်းတာ။ စုဆောင်းရေးဆိုပြီး ရွာသားတွေကို နာမည်တွေအတင်းကောက်ခံနေကြတာ။ ဘယ်သူမှလဲ ဒါမျိုးတွေမလုပ်ချင်ကြပါဘူး၊ ဇွတ်တွေ စာရင်းကောက်နေကြတာပါ” ဟု မကျည်းကုန်းကျေးရွာအုပ်စုတွင်နေထိုင်သူတစ်ဦးကပြောသည်။

အဆိုပါ စာရင်းကို ဦးဆောင်းတောင်ယူနေ ကြသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးမှာ ဦးအောင်နိုင်ဦးဖြစ်ပြီး မကျည်းကုန်းကျေးရွာအုပ်စုတွင်နေထိုင်ကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်ပူးပေါင်းကာ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မကျည်းကုန်းကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများသည် ၎င်းတို့နှင့် မတည့်သူ အမြင်မကြည်သူအများစုကိုသာ ဦးစားပေးကာ ပြည်သူ့စစ်မှုထမ်း အမည်စာရင်းကောက်ယူသည်ဟု ဒေသခံများပြောပြချက်အရ သိရှိရသည်။

ထို့ပြင် ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်အဖြစ် မလိုက်နိုင်သည့် နေအိမ်များကိုလည်း တစ်အိမ်လျှင် ကျပ်ငွေလေးသောင်း တောင်းယူခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခင်က အမျိုးသားများ အသက် ၁၈နှ စ်မှ ၃၅နှစ်အတွင်း ပြည်သူ့စစ်မှု ထမ်းရန်အတွက် ခေါ်ယူခဲ့သည့်အပြင် ယခုအခါ သြဂုတ်လကစတင်ပြီး ကျေးရွာ၊ အုပ်စု၊ ရပ်ကွက် များ၏ လုံခြုံ‌‌‌‌ရေးအတွက် အကြောင်းပြကာ အသက် ၃၅နှစ်မှ ၆၅နှစ်အထိ ထပ်တိုးကာ စစ်မှုထမ်းရန် စာရင်းများကောက်ယူနေခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *