ဝိုင်းမော်ရှိ ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် စစ်ကောင်စီတပ်စခန်းအချို့ ဖယ်ပေးခဲ့ရ

ဝိုင်းမော်ရှိ ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် စစ်ကောင်စီတပ်စခန်းအချို့ ဖယ်ပေးခဲ့ရ သည့်အတွက် စစ်ရေးတင်းမာနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၅၈တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့အနီး ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်း အတွင်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့တွင် KIA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်မှုများကြောင်း သိရသည်။

“စစ်တန်းလျားပျက်စီးတယ်တဲ့။ ပစ်တာကတော့ ၃၀ရက်နေ့ကတည်းကပါ။ အဲဒီ့နေ့က ဂျက်ဖိုက်တာနဲ့ ခလရ-၅၈ တောင် ကြောတဝိုက်လာပစ်သွားတယ်။ စစ်ရေးကတော့ တင်းမာနေတယ်” ဟု ကချင် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အဆိုပါ ခလရ ၅၈တွင် ဗျူဟာမှူးတစ်ဦး ကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်နေပြီး ဝိုင်းမော် ခမရ ၃၂၁ကို ပြီးခဲ့သည် မေလ ၂၁ရက်နေ့တွင် KIA သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီသည် ခလရ-၅၈ ကို အထူး ကြပ်မတ်အုပ်ချုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ စန်းကားကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကတည်းက တပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီတပ်အချို့နှင့် ပြည်သူ့စစ်များကို KIA က ကျေးရွာအတွင်းမှ ဖယ်ခိုင်း၍ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

KIA သည် စန်းကားကျေးရွာ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၇) ရှိ လူနေအိမ်အချို့တို့တွင် လက်နက်ကြီးများ ချ၍ တပ်စွဲထားသော စစ်ကောင်စီတပ်များကို မောင်းထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းချရာနေရာများကို ပြန်လည်ရရှိရန်အတွက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီ တပ်များကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်သွား ရကြောင်း သိရသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီက မိုးမောက်နှင့် မံစီမြို့နယ်များအတွင်း စစ်ကြောင်းထိုးကာ လေကြောင်းမှ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *