MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီကြေညာ

ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂ ရက် ညတွင်ကြေညာခဲ့သည်။

ရခိုင်တပ် AA ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ မတ်လအတွင်းက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ဖူးပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ ၂၀၂၁ မတ်လအတွင်း ထိုသတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုသုံးဖွဲ့စလုံးသည် အင်အားပိုမိုကြီးထွားလာပြီး ‘မြောက်ပိုင်းမဟာမိတ်’ ဆိုသည့် တပ်ပေါင်းစုဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ပြီးခဲ့သည့်နှစ် စက်တင်ဘာမှ စတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ တပ်စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကဟိုင်ဂင်ဆွေးနွေးပြုလုပ်ခဲ့ပြီး ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရန် သဘောတူခဲ့ကြသည်။

သို့သော်လည်း ဇွန်လ ၂၅ ရက်နေ့တွင် အပစ်ရပ်သဘောတူညီချက် ကျိုးပျက်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှစ်ကျော့အတွင်း စစ်ကောင်စီလက်ထဲမှ ရှမ်းမြောက်ရှိ မြို့ ၁၀ မြို့နှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် မြို့များကို သိမ်းပိုက်ထားသည်။

ထို့အတူ ကိုးကန့်တပ် MNDAA ကလည်း တရုတ်-မြန်မာ နယ်စပ်မှ ကိုးကန့်ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တော် လားရှိုးတို့ အပါအဝင် ရှမ်းမြောက်ဒေသအများစုကို ထိန်းချုပ်ထားသည်။

ရခိုင်တပ် AA သည်လည်း ရခိုင်ပြည်နယ်ထဲမှ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး AA က ရခိုင်ပြည်နယ်ထဲမှ စစ်တပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု ကြေညာထားသည်။

မြောက်ပိုင်းမဟာမိတ်တို့အပေါ် စစ်ကောင်စီ၏ အဆိုပါကြေညာချက်သည် မြန်မာနိုင်ငံမြောက်ပိုင်းတိုက်ပွဲများ အဆုံးသတ်ရန် ကြိုးစားမည်ဟု တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုအပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်အစိုးရသည် စစ်ကောင်စီကို ဆက်လက်ထိုးစစ်မဆင်ရန် ၎င်းတို့ထံ သြဂုတ်လ ၂၉ ရက်က စာပို့သတိပေးခဲ့သည်ဟု တအာင်းတပ် TNLA အဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) ၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) တို့ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၁ မေလအတွင်းက ကြေညာခဲ့သည်။

အပြန်အလှန်အားဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *