ကုန်စျေးနှုန်းများမြင့်တက်နေပြီး နိုင်ငံခြားငွေလိုအပ်ချက်ရှိဟု စစ်ခေါင်းဆောင်ဝန်ခံ

စစ်တပ်က အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းများလေးဆ နီးပါးမြင့် တက်နေသည့်အပေါ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ ထိုက်သင့် သည့် ဈေးထက်များပြားနေပြီး နိုင်ငံခြားငွေလိုအပ် ချက်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်က လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များ ပြားနေ သည်ကိုတွေ့ရကြောင်း၊ ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာ ခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေများရရှိ စေရေး အတွက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုအပ် ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာကိုင်ဆောင်မှုကိုထိန်းချုပ်၍ အခြေခံကုန်ပစ္စည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းသူများကိုသာ ဒေါ်လာရောင်းချပေးနေသော်လည်း လိုအပ်သလို ဒေါ်လာရောင်းချနိုင်ခြင်းမရှိကြောင်း ယင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။

နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်၍ မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး ယခင်အစိုးရများအဆက် ဆက်က ပြည်ပမှချေးယူခဲ့သည့် ပြည်ပချေးငွေများကိုလည်းပြန်လည်ပေးဆပ်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

လက်ရှိတွင် နိုင်ငံခြားငွေသုံးပြုဝယ်ယူရ‌သော စက်သုံးဆီ၊ ဆေးဝါးပစ္စည်းအပါအဝင် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ပြီး ကုန်ပစ္စည်းရှားပါးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *