တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အသံကြားရာပစ်ဟု စစ်ကောင်စီ ညွှန်ကြားနေရ

ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်းများတွင် တိုက်ပွဲပြင်းထန်နေပြီး ၆၈ ရက်မြောက်နေ့အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက်ထိုး စစ်ဆင်နေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၃ ရက်တွင်လည်း လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြသည့် အပြင် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တောင်ခမ်းတွင် တိုက်ပွဲရက်ရှည်လာပြီး ထိခိုက်သေဆုံးမှုလည်း များနေသည့်အတွက် အသံကြားရာ နေရာမှန်သမျှကို ပစ်ခတ်တိုက်ခိုက်ရန် စစ်ကောင်စီတပ် အရာရှိပိုင်းများက ညွှန်ကြားထားပြီး တပ်စခန်းပါသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။

“တိုက်ပွဲအခြေအနေတွေကို မသိဘဲ စစ်လော်ဘီတွေက ဘယ်လိုခုခံလိုက်တယ်။ ရန်သူ့တပ်တွေ တပ်လန်သွားတယ်၊ အင်အားတွေဘယ်လိုကျန်သေးတာ၊ ခေတ်မှီလက်နက်တွေနဲ့ တိုက်နေတယ်ဆိုပြီး လျှောက်အော်နေတာ။ အထဲမှာတပ်ပျက်နေပြီ။ အသံကြားရာပစ်ဖို့ ညွှန်ကြားတဲ့အဆင့်ထိတောင် ပြာလူးနေတာ။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်ပြီး ပြင်ဦးလွင်ကိုပါ ထုနိုင်တဲ့ ဗျူဟာကုန်းကြီး ပါသွားမှာကို အပေါ်က တစ်အားစိုးရိမ်နေတာ”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်း ၄၀၆ နှင့် ၂၀၆ တပ်ရင်းနှစ်ခုကို TNLA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် တောင်ခမ်းရှိ အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၂) တပ်စခန်းအတွင်းသို့ ဂျက်ဖိုက်တာနှင့် Y -12 များအသုံးပြု၍ လက်နက်ခဲယမ်းထုပ် ၈၅ ထုပ်ကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့က ဖြည့်တင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုတောင်ခမ်းသို့ စစ်အင်အားပြန် လည်ဖြည့်တင်းရန် စစ်ကောင်စီက တောက်လျှောက် ကြိုးပမ်းနေခဲ့ပြီး TNLA က ကြားဖြတ်တိုက်ခိုက်သည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

အမြောက်တပ်ရင်းတဝိုက်တွင်သာမက တောင်ခမ်း ကျေးရွာအနီးရှိ မကျီးရေရွာ ဘုန်းကြီးကျောင်း တို့တွင်လည်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက အဆိုပါ ဘုန်းကြီးကျောင်းကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိ ပြီး စစ်ကောင်စီက တစ်နေ့လျှင် ဗုံးအလုံးရေ ရာချီအသုံးပြု ကြဲချတိုက်ခိုက်လျက်ရှိပြီး ပြင်ဦးလွင်မြို့မှနေ၍လည်း တောင်ခမ်းကျေးရွာရှိ တိုက်ပွဲ ဖြစ်ပွားရာနေရာများသို့ ယမန်နေ့ညပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ပြင်ဦးလွင်ရှိ သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန) တပ်နှင့် လက်နက်ကြီးတပ်ဆင်ထားသည့် နေရာနှစ်ခုထက်မနည်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံပစ်ကူပေးလျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *