စစ်ကောင်စီတပ်က ဆေးရုံ ဆေးခန်းများကို ဗုံးကြဲဖျက်ဆီးနေသော်လည်း ဆေးရုံများတွင် လာရောက် ကုသသည့်ပြည်သူများ အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင် ညွှန်ကြား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆေးရုံများအနေဖြင့် ပြည်သူများအတွက် အားကိုး ဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံများအနေဖြင့် လာရောက်ကုသသည့်ပြည်သူများ အားကိုးသည့်စိတ်များဖြစ်ပေါ်အောင် ဆောင် ရွက်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစိုးရဆေးရုံများတွင် ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများရှားပါးနေပြီး တက်ရောက် ဆေးကုသရာတွင် ဆရာဝန်များအသုံးပြသည့် လက်အိတ်များမှအစ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် ဆေးဝါးများကို ပြင်ပမှဈေးကြီးပေးဝယ်၍ တက်ရောက်ဆေးကုသနေရသည့်အချိန်တွင် စစ်ခေါင်းဆောင်က ဆေးရုံတက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရများ ရရှိစေရေး စီမံဆောင်ရွက်ပေးရန်လို ကြောင်း မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ စော်ဘွားရေရှင်ကျေးရွာရှိ ဆေးရုံနှင့်ချင်းပြည်နယ် ဇိုလေင်းရွာရှိ ဆေးရုံတို့ကို ဗုံးကြဲတိုက် ခိုက်ခဲ့သည်။
ထို့အပြင် ရွှေကူ၊ မင်းတပ်၊ လောက်ကိုင် တုံချိန်၊ ရခိုင် မင်းပြား၊ ကျောက်တော်၊ စစ်ကိုင်း ကောလင်း၊ ရှမ်း တောင် ဖယ်ခုံ၊ ဗန်းမောက်စသည့် ပြည်နယ်နှင့် မြို့နယ်များမှ ဆေးရုံအသီးသီးကိုလည်း စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများနှင့် ဆေး ရုံဝန်ထမ်း၊ ဆရာဝန်၊ ဆရာမများပါ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီသည် ဆေးရုံ ဆေးခန်းများ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို လက်ခံခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည် ဆေးရုံဝန်ထမ်း၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုများကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်မှုများ အစဉ်တစိုက်ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီက ထိုသိုပြုလုပ်နေသော်လည်း ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုကအစ ကောင်းမွန်ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ပုံစာ-တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့် စစ်ခေါင်းဆောင်၊ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆေးရုံအချို့ကို တွေ့ရစဉ်
Leave a Reply