သံတွဲမြို့ရှိ နောက်ဆုံးကျန်ရှိနေသောမောင်ရွှေလေးရေတပ်စခန်းကိုသိမ်းယူပြီးနောက်ဧရာဝတီတိုင်းနှင့် ထိစပ်နယ်စပ်မြို့ဖြစ်သောဂွမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်တိုက်ခိုက်နေသည်။
“ဂွမြို့နယ်နဲ့ ကျိန္တီလီမြို့ကြား အပြင်းဆုံးဖြစ်နေတာ။ ဒီမနက်လည်း ကုလားပြင်နဲ့ ဆားချက်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။တိုက်ပွဲကဂွမြို့နားရောက်နေပြီးစစ်ရှောင်တွေကဧရာဝတီတိုင်းဘက်ကို ထွက်နေကြတုန်းပါပဲ” ဟု ဂွ မြို့ဒေသခံတစ်ဦးကပြောသည်။
မောင်ရွှေလေးရေတပ်စခန်းကိုစက်တင်ဘာ ၅ ရက် ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာလ ၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။
ထို့ကြောင့် သံတွဲ မြို့နယ် တစ်ခုလုံးစစ်ကောင်စီတပ် စခန်းမကျန်တော့ပေ။
မောင်ရွှေလေးရေတပ်စခန်းနှင့် ဘဂ်လားပင်လယ်အော်အတွင်း စစ်တပ်ရေတပ်သဘော်များက AA ၏ ထိုးစစ်ကို ကြည်းရေလေ ပူးပေါင်း၍ အပြင်းအထန် ခုခံနေသဖြင့် AA က ဂွ မြို့နယ် နှင့် တောင်ကုတ် မြို့ နယ်ရှိ စစ်တပ်စခန်းများကိုပါသြဂုတ် ၁ ရက်မှ တပြိုင်နက်ထိုးစစ်ဆင်သော စစ်ဗျူဟာကိုပြောင်းလဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂွ မြို့သည်သံတွဲမြို့နှင့်မိုင် ၄၀ခန့် ဝေးပြီးဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နှင့်ထိဆက်နေသည်။
ဂွမြိုရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီးနောက် ငါးသိုင်းချောင်း -ဂွလမ်းတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။
“ဂွမှာလက်နက်ကြီးတွေထိုင်ထားတယ်။ ဆက်တိုက်ပစ်နေတာ။ အခြေအနေတွေက အမြဲတစေ သတိနဲ့နေနေကြရတယ်။ ရှောင်နိုင်သူတွေက ရှောင်ကြပါပြီ” ဟု ဂွမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ငါးသိုင်းချောင်း -ဂွလမ်း ရေနံ့သာစစ်ဆေးရေးဂိတ်တွင် တင်းတင်းကြပ်ကြပ်စစ်ဆေးနေကာ ရခိုင်ပြည်နယ်သို့ ဆန်နှင့် ဆေးဝါးအဝင်ပိတ်ထားသလို အခြားကုန်စည်များကိုလည်း ကန့်သတ်နေကြောင်း သတင်းရရှိသည်။
မောင်တောမြို့ရှိ လက်ကျန်စစ်တပ်စခန်းများကိုလည်းသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေကြောင်းAA ကထုတ်ပြန်ထားသည်။
သို့သော် ဂွမြို့နယ်တိုက်ပွဲနှင့် ပတ်သက်၍ မူ AA ကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ကျိန္တီလီမြို့ကိုမူ AA က သြဂုတ်လအတွင်းသိမ်းပိုက်ထိန်းချုပ်ထားကြောင်း ဒေသခံများကပြောသည်။
(မောင်ရွှေလေးရေတပ်စခန်းကို သိမ်းယူပြီးနောက် AA တပ်ဖွဲ့ဝင်များ နှင့် ရခိုင်ပြည်နယ်စစ်ရေးအခြေအနေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA Info Desk )
Leave a Reply