PDF စခန်းကို လာတိုက်သည့် စစ်ကောင်စီစစ်ကြောင်း အသေဆုံးများဖြင့် ပြန်လည်ဆုတ်ခွာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီစစ် ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အသေဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း (MBT)ထံမှ သိရသည်။

စက်တင်ဘာလ ၂၇ ရက် နံနက် ၅ နာရီတွင် MBT တပ်ဖွဲ့၏ စစ်ကြောင်း(၃) နယ်မြေအတွင်းရှိ ခြေဆေး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရှေ့တန်းစခန်းမရောက်ခင်မှာ ရန်သူ့တပ်ကို ခုခံစစ်အနေအထားနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တယ်။ မဟာမိတ်တပ်တွေရဲ့စစ်ရေးပူးပေါင်းမှုနဲ့ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်အဖြစ် ပြောင်းလဲတိုက်ခိုက်နိုင်ခဲ့ တယ်” ဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကိုမိုက်ခဲကဆိုသည်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု သုံးနာရီခန့်အကြာတွင် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ် ကူများ အသုံးပြုခဲ့ကြောင်းသိရသည်။

“ဝိုင်းဝန်းပိတ်ဆို့ခံနေရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လေကြောင်းပစ်ကူ၊ ဒရုန်းအကူအညီတွေနဲ့ ထွက် လမ်းဖန်တီးခဲ့တယ်။ လေကြောင်းကလည်း အဆက်မပြတ်ပစ်ကူပေးခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေဆုံးများတယ်”ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းမှ ထုတ်ပြန်ထားပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၁၊ ၂၊ ၃၊ ၇၊ ၈၊ ၉)၊ မြင်းခြံခရိုင် (ပ.က.ဖ) ၊ စွန်ရဲပြောက်ကျား တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ်(၈၁၅)(PLA) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် MBT တပ်ဖွဲ့နယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည်မှာ စက်တင်ဘာလအတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး အသေဆုံးများဖြင့်သာ မြင်းခြံမြို့ပေါ်သို့ တပ်ပြန်ဆုတ်ခဲ့ရ ခြင်းဖြစ်သည်။

မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းများကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ကာကွယ်ရေးတပ်ဖွဲ့ များက ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီကအဆိုပါဒေသကို စစ် ကြောင်းထိုးကာ တိုက်ခိုက်နေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *