ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ Non CDM ပညာရေးဝန်ထမ်းတွေကို သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုမယ်…

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေက Non CDM ပညာရေးဝန်ထမ်းတွေကို သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် တိုင်းအဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တွေမှာ သင်တန်းပို့ချပေးခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရာမှာ စေတနာ့ဝန်ထမ်းအဖြစ် အကြမ်းဖက်စစ်တပ်က လုပ်ဆောင်ခိုင်းထားတယ်လို့ သင်တန်း တတ်ရောက်ခဲ့တဲ့ Non CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက Non CDM တွေကို သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သင်တန်းပို့ချပေးခဲ့ပြီး သန်းခေါင်စာရင်းတွေ ကောက်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုချိန်မှာတော့ မလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်း လုပ်ရတော့မှာပဲ၊ ဘာလို့လည်းဆိုတော့ ကျွန်မတို့က CDM လုပ်ဖို့ဆိုတာ မလွယ်ဘူး၊ အခက်အခဲတွေ အများကြီးရှိတယ်၊ နောက်သူတို့လက်အောက်မှာနေရတာဆိုတော့ သူ့ဆန်စားရင် ရဲရမယ် ဆိုတဲ့သဘော ဖြစ်နေတာပေါ့၊ အသက်မသေအောင် ရပ်တည်နေထိုင်နေကြရတဲ့ တိုင်းပြည်ရဲ့အခြေနေမှာ ရွေးချယ်စရာလမ်းမရှိခဲ့တာ၊ မိသားစုတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း အခက်အခဲ တွေက ပြောပြမတတ်အောင် များနေတော့ သူတို့ခိုင်းသမျှ လုပ်ရမှာပဲ” လို့ Non CDM ပညာရေးဝန်ထမ်း အမျိုးသမီး ၁ ယောက်က ပြောပါတယ်။

” CDM မလုပ်ခဲ့ကြဘူးဆိုပေမယ့် CDM လုပ်သွားကြတဲ့ ဝန်ထမ်းအားလုံးကို လေးစားပါတယ် ၊ အနှောင်အဖွဲ့မရှိပဲ လုပ်နိုင်ကြလို့လည်း အရမ်းဂုဏ်ယူရပါတယ်၊ ရင်ထဲကပဲ အားကျရုံပါ၊ တကယ်တန်း သူတို့တွေလောက် သတ္တိမရှိဘူး၊ အနှောင်အဖွဲ့တွေလည်း များတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရတော့မှာပဲ” လို့ အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။

တိုင်းအဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုသင်တန်းတွေကို ဧရာဝတီတိုင်း အစိုးရအဖွဲ့တွေ ဦးစီးကျင်းပလုပ်ဆောင်ခဲ့ပြီး အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်ယူမှုပြုလုပ်ဖို့ ပညာရေးဝန်ကြီးကိုယ်တိုင် နယ်လှည့်ဆွေးနွေးမှာကြားမှုတွေ ပြုလုပ်နေတယ်လို့ Non CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ပုံစာ – အိမ်ထောင်စုသန်းခေါင်စာရင်းကောက်တဲ့ သင်တန်း ပြုလုပ်နေပုံ…


Comments

Leave a Reply

Your email address will not be published. Required fields are marked *