သက်ငယ်မုဒိမ်းမှုဖြင့်ထောင်ကျဖူးသည့် ပေါင်းတည်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ကျဖူးသည့် အုပ်ချုပ်ရေးမှူးကို ယနေ့ (စက်တင်ဘာလ ၂၈ ရက်) ညနေ ၆ နာရီခန့်တွင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရွှေတောင်ပကဖ တာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဇီးပင်လှ ကွက်သစ်အုပ်စုမှ အုပ်ချုပ်ရေးမှူး ကိုသန်းသည် ရေပြာဘောလုံးကွင်း၌ ဘော်လုံးဒိုင်အကောက်ကောက်စဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

“လူတွေအများကြီးကြားမှာဆိုတော့ သေချာမလုပ်လိုက်နိုင်ဘူး။ ပြည်သူတွေထိခိုက်မှုမရှိအောင်လုပ်ခဲ့ရတာဆိုတော့ ပြီးတော့ သူကရဲပြေးတယောက်ပါ။ သေနတ်နဲ့ လက်ပစ်ဗုံးက သူ့တပည့်တွေပေးထားတယ်ထင်တယ်။ သူတပည့်တွေက ထွက်ပြေးသွားလို့ အဲ့ဒါတွေမရလိုက်ဘူး “ ဟု ၎င်းက ဆိုသည်။

သေဆုံးသူ၏ ခါးတွင်ချိတ်ထားသည့် ဓားနှင့်ဖုန်းကို သိမ်းဆည်းရမိခဲ့ပြီး ထိုဖုန်းသို့ ဗိုလ်ကြီးသွင်သုအောင်ဆိုသူက တောက်လျှောက်ဖုန်းခေါ်နေကြောင်း ရွှေတောင်ပကဖ တာဝန်ရှိသူက ဆက်ပြောသည်။

၎င်း၏ ဖုန်းတွင် စစ်ကောင်စီ ဗိုလ်ကြီးများ နှင့် ရဲများ စုစုပေါင်း ခြောက်ယောက်ခန့်နှင့် အဆက်အသွယ်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်ဟုလည်း ၎င်းကဆိုသည်။

အုပ်ချုပ်ရေးမှူး ကိုသန်းသည် တော်လှန်ရေး တပ်များအား ဆဲဆိုခြင်း၊ စစ်မှုထမ်းရန်အတွက် ဦးဆောင်ပြီး ပေါ်တာဆွဲခြင်း၊ ဒေသခံများကို အတင်းအဓမ္မပိုက်ဆံကောက်ခြင်း နှင့် လောင်းကစားဝိုင်းများတွင် ဦးဆောင်နေသူတဦး ဖြစ်ကြောင်း သိရသည်။

ဇီးပင်လှ ကွက်သစ်အုပ်စုတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူမရှိသဖြင့် စစ်ကောင်စီက ၎င်းကို ခန့်အပ်ထား ခြင်းဖြစ်ပြီး ယခုဖြစ်စဥ်ကို ရွှေတောင်ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့နှင့် PPDF ( ၃၆၀၁) တပ်ခွဲ (၅) တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း- စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့်သူ့ထံမှ သိမ်းဆည်းရမိသောပစ္စည်းများ

ဓာတ်ပုံ-ရွှေတောင်ပကဖ


Comments

Leave a Reply

Your email address will not be published. Required fields are marked *