မြိုင်သို့ ရောက်နေသော ရိက္ခာပို့စစ်ကြောင်း အခြေအနေမကောင်း၍ လှည့်ပြန်

မကွေးတိုင်း၊မြိုင်မြို့နယ်သို့ ရောက်ရှိနေသော ရိက္ခာပို့စစ်ကြောင်းမှာ PDF တို့၏ တိုက်ခိုက်မှုကြောင့် လှည့်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

ဇွန်လဆန်းမှစ၍ မြိုင်မြို့နယ်ရှိ ပျူရွာများကို ရိက္ခာပို့ရန် ပခုက္ကူတပ်မ ၁၀၁ မှ ထွက်ခွာလာသော ရိက္ခာပို့စစ်ကြောင်းသည် သရက်ကန်ပျူရွာနှင့် တွင်းမပျူရွာသို့သာ ရိက္ခာပို့နိုင်ခဲ့ကာ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၅ နာရီခွဲခန့်၌ ပခုက္ကူသို့ ပြန်ဆုတ်သွားကြောင်း မြိုင်ပကဖထံက သိရသည်။

“စစ်ကြောင်းက ရောက်နေတာ တော်တော်ကြာပြီ။။ပျူရွာတွေကို ရိက္ခာပတ်ပို့ဖို့ ထွက်လာတာ။ ဒါပေမဲ့ သရက်ကန်နဲ့ တွင်းမပျူရွာထိပဲ သူတို့သွားနိုင်တယ်။ ကျန်တဲ့ပျူရွာတွေကို သူတို့ဆက်မသွားနိုင်ဘဲ ပြန်ဆုတ်သွားတယ် ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြန်လည်ဆုတ်ခွာစဉ် ဒဏ်ရာရ စစ်သားများကိုလည်း ကားနှင့် တပါတည်း ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ကြောင်းတစ်လျှောက် တိုက်ခိုက်ခဲ့တာဆိုတော့ ဒဏ်ရာရတွေက ၂၀ နဲ့ ၃၀ကြားမှာ ရှိတယ်။ ကားရှစ်စီးနဲ့ တင်ခေါ်ပြီး ပြန်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာ ၂၇ ရက်၊ နံနက် ငါးနာရီတွင် မြိုင်မြို့နယ်၊ တွင်းမပျူရွာမှ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာသို့ ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက် တိုက်ခိုက်မှုများကြောင့် စစ်သားငါးဦးသေဆုံးခဲ့ကာ G-3 သေနတ် တစ်လက်၊ကျည်ဘောက်တစ်ခုနှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

“ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမျိုးမရှိဘူး။ မိုင်းဆွဲတာနဲ့ ဒရုန်းနဲ့ချပြီး တိုက်ခိုက်ခဲ့တာ။ မိုင်းဆွဲတာတင် ၁၀ကြိမ်ထက်မနည်း ရှိပါတယ်” ဟု မြိုင်ပကဖ၊ တာဝန်ရှိသူက ပြောသည်။

မြိုင်မြို့နယ်တွင် ကန်နီပျူရွာ၊ သရက်ကန်ပျူရွာ၊ သရက်ကွပျူရွာ၊ တွင်းမပျူရွာနှင့် ဝက်ပုတ်ပျုရွာဟူ၍ ပျူစောထီးရွာ ငါးရွာရှိသည့်အနက် ဝက်ပုတ်ပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ် ရှစ်ရက်၌ သိမ်းပိုက်ရရှိထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *