ရေစကြို ဆင်မရဲကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို PDF သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦးနှင့်အတူ လက်နက် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၁၀) တပ်ရင်းထံမှ သိရသည်။

စက်တင်ဘာ ၂၁ ရက် နံနက် ၅ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“ရန်သူ့တပ်ရဲ့နောက်ဆုံးဘန်ကာဖြစ်တဲ့ စာသင်ကျောင်းကိုဝင်လုံးနေတဲ့အချိန် လေကြောင်းပစ်ကူရောက် လာတယ်။ ကျွန်းထဲဒေသ မြေပြန့်ဖြစ်တဲ့အတွက် ယာယီပြန်ဆုတ်ပေးလိုက်ရတယ်” ဟု ပခုက္ကူခရိုင် အမှတ်(၁၀) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်အပြင် ဂျက်တိုက်လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင် အဆိုပါစခန်းမှလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပခုက္ကူတပ်မ(၁၀၁)သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်သုံးဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းဆီးရမိ ခဲ့ကာ MA-4 တလက် ၊ G-3 တလက် ၊ ကာဘိုင်နှစ်လက် ၊ ၁၂ ဗို့သေနတ်လေးလက်နှင့် အခြား စစ် သုံးပစ္စည်းများ သိမ်းပိုက်ရရရှိခဲ့ကြောင်း သိရသည်။

“စစ်တပ်အထိုင်စခန်းမရှိတော့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေ သွားရေးလာရေးကအစ နောက်ကျောလုံတာပေါ့။ ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အနောက်ခြမ်းမှာရှိတဲ့ တပ်စခန်းကိုသိမ်းလိုက် တာပါ။ အရှေ့ခြမ်းကတပ်စခန်းတခုပဲ ကျန်တယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယခုတိုက်ခိုက်မှုကို Burma Revolution Ranger ၊ Urban Underground Revolution Force ၊ ပခုက္ကူ ခရိုင် အမှတ်(၂၊ ၃၊ ၁၀)တပ်ရင်းများ၊ မြင်းခြံခရိုင်အမှတ်(၁ တပ်ရင်း ၊မြိုင် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ အထူးတပ်ဖွဲ့၊ မြောင်တပ်ပေါင်းစုနှင့်အတူ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ – ပခုက္ကူခရိုင်အမှတ်-၁၀ တပ်ရင်းမှ ရဲဘော်များ ၊ ပုံ – ပခုက္ကူခရိုင်အမှတ်-၁၀ တပ်ရင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *