ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၈ ရက်က ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာသို့ စစ်ကောင်စီမှ Y12 လေယာဉ်ဖြင့် ရိက္ခာနှင့်ခဲယမ်းများကို လေထီးဖြင့်ချပေးခဲ့သည်။

စက်တင်ဘာ ၂၉ ရက် တွင် အင်မထီးပျူစောထီးကျေးရွာမှ စစ်သားနှင့်ပျူစောထီးအင်အား ၆၀ ခန့်ဖြင့် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် နေ့လယ် ၃နာရီခန့်တွင် အင်မထီးပျူစောထီးကျေးရွာသို့ ပြန်လည်ထွက်ခွာလာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ABSDF အမှတ်(၃) စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

“တိုက်ပွဲက နာရီဝက်ဝန်းကျင် ကြာခဲ့တယ်။ အတွင်းသတင်းအရတော့ သူတို့ဘက်က ၃ ယောက်လောက်ကျတယ်လို့ သိရတယ်။”ဟု ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

” ပူးပေါင်းတပ်တွေ ဝိုင်းပိတ်ပြီးတိုက်တာ။ လေကြောင်းမလာခင် ပြန်ဆုတ်ခဲ့ကြတယ်လို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

အဆိုပါစစ်ဆင်ရေးကို ABSDF အမှတ်(၃) စစ်ကြောင်း အမှတ်(၁၄)တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle 1 PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်မထီးပျူစောထီးကျေးရွာ၌ စစ်ကောင်စီတပ်နှင့်ပျုစောထီး အင်အား ၁၀၀ထက်မနည်းရှိပြီး ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ကာကွယ်ရေးအဖွဲ့များက လာရောက်တိုက်ခိုက်ရာ အထိနာ၍ လေကြောင်းပစ်ကူပါခေါ်ခဲ့ရသေးသည်။

ပုလဲမြို့နယ်အတွင်း အင်မထီးရွာသည်စစ်ကောင်စီအဓိကတပ်စွဲထားသည့် ရွာဖြစ်သည်။ပုလဲမြို့နယ်၌ ကျေးရွာအုပ်စုတရားကျော်ရှိသည့်အနက် ၉၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်

Photo: တိုက်ပွဲတစ်ခုတွင် ABSDF အမှတ်(၃) စစ်ကြောင်း အမှတ်(၁၄) တပ်ရင်းမှရဲဘော်များအပါအဝင် အခြားရဲဘော်များအား တွေ့ရစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *