အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်ဆုတ်သွား

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ရက်နေ့ နံနက် ၁၁နာရီ ၅၀မိနစ်တွင် စစ်ကောင်စီ၏ အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းနှင့် AAတို့ နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် နှစ်နာရီကြာ ထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီ အလောင်း ငါး လောင်းနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

“မနေ့က လက်နက်ကြီးတွေနဲ့ စစ်တပ်က ပစ်ကူတယ်။ နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အနီးမှာလည်း အင်အားရာကျော်နဲ့ အင်အားပြ အဆင်သင့်ပြင်နေကြတယ်။ မြေပြင်စစ်ကူလည်း ပို့တာကြားပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့၊ နံနက် ၁၀နာရီခန့်တွင်လည်း ကျောက်စကွဲကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်ထွက်‌ပြေး သွားခဲ့ပြီး စစ်ကောင်စီ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို AAက ထပ်မံသိမ်းဆည်းရမိခဲ့‌ေကြာင်း သိရသည်။

စစ်ကောင်စီက သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်း ကာကင်းစခန်းများထပ်တိုးကာ ခုခံစစ်ပြင်ထားကြောင်း သိရသည်။

အမ်းမြို့နယ် မဲတောင်ကြောတဝိုက်တွင် ကာကင်း စခန်း ၅ ခုထက်မနည်း ထားရှိထားပြီး နပခမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၅) ၊ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ကျောက်ဖြူ ဓညဝတီ ရေတပ်စခန်းတို့ကို ပိတ်ဆို့ဝိုင်းရံထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်ထဲက AA ကထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *